Homeပြည်တွင်းသတင်းလိင်တူ ချစ်ကြိုက်မှု စာအုပ်တွေရောင်းချရင် တရားစွဲမယ်လို့ စစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာနကြေညာ

လိင်တူ ချစ်ကြိုက်မှု စာအုပ်တွေရောင်းချရင် တရားစွဲမယ်လို့ စစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာနကြေညာ

ဩဂုတ် ၂၈၊ ၂၀၂၆ | New Day Myanmar

BL (Boys’ Love) နဲ့ GL (Girls’ Love) အမျိုးအစား စာအုပ်တွေ Facebook၊ TikTok နဲ့ Telegram ကနေ ကြော်ငြာရောင်းချနေတဲ့ လူမှုကွန်ရက်စာမျက်နှာ ၉ ခုကို တရားမဝင်စာအုပ်ရောင်းချနေတယ်လို့ စစ်အုပ်စုလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၈ ရက်မှာ ကြေညာပြီး စည်းကမ်းမလိုက်နာရင် ဥပဒေအရ တရားစွဲမယ်လို့ ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းမှာ ရွှေအိမ်စာပေ၊ ဆူးခေတ်စာပေ၊ Chi စာပေ၊ ဘဝထက်စာပေ၊ ဧရိပ်-A Yeik၊ Alora Eleven Book House၊ Libra Book Shop (Chuu Sein)၊ နွေဦးကံ့ကော်စာအုပ်ဆိုင်နဲ့ Z For Zodiac တို့ ပါဝင်ပါတယ်။

အဲဒီစာမျက်နှာတွေရဲ့ Facebook Page တွေအပြင် ဆက်နွှယ်နေတဲ့ Telegram နဲ့ TikTok အကောင့်တွေကိုပါ ပြန်ကြားရေးဝန်ကြီးဌာနက စာရင်းနဲ့ ဖော်ပြထားပါတယ်။

ဝန်ကြီးဌာနက အဲဒီစာမျက်နှာတွေမှာ ရောင်းချနေတဲ့ BL၊ GL စာအုပ်တွေကို “မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိဘဲ လူငယ်တွေရဲ့ တွေးခေါ်မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တဲ့ စာအုပ်တွေ” လို့ သတ်မှတ်ပြောဆိုထားပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာစာအုပ်ရောင်းချသူတွေဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်တွေကို လိုက်နာတာမရှိဘဲ စာအုပ်တွေ ထုတ်ဝေ၊ ဖြန့်ချိ၊ ရောင်းချနေတယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနက စွပ်စွဲထားပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပုံနှိပ်နဲ့ ထုတ်ဝေလုပ်ငန်းလုပ်ကိုင်သူတွေဟာ ဝန်ကြီးဌာနဆီက အသိအမှတ်ပြုလက်မှတ် လျှောက်ထားရမှာဖြစ်ပြီး ပြည်တွင်းမှာ ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်တွေကိုလည်း သတ်မှတ်ချက်တွေအတိုင်း မှတ်ပုံတင်နဲ့ မူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းတွေအတွက် ဝန်ကြီးဌာနဆီ ပေးပို့ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အဲဒီဥပဒေရဲ့ ပုဒ်မ ၈ မှာလည်း လူမျိုး၊ ဘာသာ ဒါမှမဟုတ် ယဉ်ကျေးမှုကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ၊ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေနဲ့ “ညစ်ညမ်းတဲ့ စကားအသုံးအနှုန်း” ပါဝင်တဲ့ စာပေတွေ မထုတ်ဝေရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကတော့ အခုစာရင်းထုတ်ထားတဲ့ စာမျက်နှာနဲ့ စာအုပ်ရောင်းချသူတွေကို ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ သတိပေးထားပြီး ဆက်လက်ဖောက်ဖျက်ရင် တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လိင်တူချင်းလက်ထပ်မှုကို ဥပဒေအရ အသိအမှတ်ပြုထားတာ မရှိသေးသလို ရာဇသတ်ကြီးပုဒ်မ ၃၇၇ က “ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ ကာမစပ်ယှက်မှု” ကို ပြစ်မှုအဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ လက်ရှိဥပဒေစာသားအရ အဲဒီပြစ်မှုအတွက် နှစ် ၂၀ အထိ ထောင်ဒဏ် ဒါမှမဟုတ် ၁၀ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးနဲ့ ငွေဒဏ် ချမှတ်နိုင်ပါတယ်။

ပုဒ်မ ၃၇၇ ကို LGBT အသိုင်းအဝိုင်းအပေါ် အသုံးချနိုင်တဲ့ ဥပဒေတရပ်အဖြစ် လူ့အခွင့်အရေးအဖွဲ့တွေက ကာလရှည် ဝေဖန်ထားကြပြီး အာဏာမသိမ်းခင်ကာလတွေမှာလည်း LGBT အရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ လိင်တူအိမ်ထောင်ရေး ဒါမှမဟုတ် civil union ကို တရားဝင်အသိအမှတ်ပြုထားတာ မရှိသေးပါဘူး။

အခု ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ဟာ BL၊ GL အကြောင်းအရာတွေကို ရောင်းချဖြန့်ချိနေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို တိုက်ရိုက်စာရင်းထုတ်ပြီး တရားစွဲနိုင်ကြောင်း သတိပေးလာတာ ဖြစ်ပါတယ်။

Related News

Most Read