Homeပြည်တွင်းသတင်းစစ်အုပ်စုရဲဲ့ဖိတ်ခေါ်မှုကို အားရတယ်လို့ နေပြည်တော်ဆွေးနွေးပွဲမှာ TNLA ဒုဥက္ကဋ္ဌ တားဂျုတ်ဂျား ပြော

စစ်အုပ်စုရဲဲ့ဖိတ်ခေါ်မှုကို အားရတယ်လို့ နေပြည်တော်ဆွေးနွေးပွဲမှာ TNLA ဒုဥက္ကဋ္ဌ တားဂျုတ်ဂျား ပြော

၂၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

နေပြည်တော်မှာ ကျင်းပတဲ့ စစ်အုပ်စုရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ PSLF/TNLA တို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ TNLA ဒုတိယဥက္ကဋ္ဌ (၁) တားဂျုတ်ဂျားက ငြိမ်းချမ်းရေးအတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်တွေ မထားဘဲ ဖိတ်ခေါ်ဆွေးနွေးတာကို များစွာအားရတယ်လို့ ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၁၉ ရက် မနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ စစ်အုပ်စုဘက်က ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က လက်ရှိမှာ ရွေးကောက်ခံအစိုးရ ပေါ်ပေါက်လာပြီဖြစ်တာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် နယ်မြေတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စတွေကို ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

တားဂျုတ်ဂျားကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးခွင့်ပေးတာဟာ အားရစရာဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

လက်ရှိမှာ တိုက်ပွဲတွေ ရပ်တန့်လာပြီး ပြည်သူတွေလည်း အေးချမ်းမှု စတင်ခံစားလာရပြီဖြစ်ကြောင်း၊ အခုတွေ့ဆုံဆွေးနွေးမှုကနေ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာမယ်လို့ ယုံကြည်ကြောင်းလည်း TNLA ဒုတိယဥက္ကဋ္ဌက ပြောတယ်လို့ စစ်အုပ်စု သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

နှစ်ဖက်ဟာ စစ်အုပ်စု သမ္မတမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးကြိုးပမ်းမှုအစီအစဉ်၊ ဟိုင်ဂင်သဘောတူညီချက်ကို လိုက်နာရေး၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အကောင်အထည်ဖော်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေးအပြင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ လမ်းပန်းဆက်သွယ်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

ဆွေးနွေးပွဲအပြီးမှာတော့ ဆွေးနွေးချက်တွေကို မှတ်တမ်းတင်ပြီး နှစ်ဖက်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးအတည်ပြုခဲ့တယ်လို့ သိရပါတယ်။

PSLF/TNLA နဲ့ စစ်အုပ်စုတို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ဟိုင်ဂင်မြို့မှာ အကြိမ်ကြိမ် တွေ့ဆုံခဲ့ပြီးနောက် ယခုတစ်ကြိမ်ဟာ နေပြည်တော်မှာ ပထမဆုံးအကြိမ် လူသိရှင်ကြား တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။

Related News

Most Read