Homeပြည်တွင်းသတင်းချင်းမိုင်မှာ မြန်မာဆင်ထိန်းသမားကို အပြင်အထန်ရိုက်နက်မှုနဲ့ ထိုင်းနယ်ခြားစောင့်ရဲ ၅ ဦး အဖမ်းခံ

ချင်းမိုင်မှာ မြန်မာဆင်ထိန်းသမားကို အပြင်အထန်ရိုက်နက်မှုနဲ့ ထိုင်းနယ်ခြားစောင့်ရဲ ၅ ဦး အဖမ်းခံ

၂၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်မှာ မြန်မာနိုင်ငံသား ဆင်ထိန်းသမားတဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး လမ်းဘေးမှာ အပြင်းအထန်ဒဏ်ရာတွေနဲ့ စွန့်ပစ်ထားခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှတ် ၃၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ရဲအရာရှိ ၅ ဦး လာရောက်အဖမ်းခံခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုထွန်းအိဟာ ချင်းမိုင်ခရိုင်၊ မယ်တန်မြို့နယ်က ဆင်စခန်းတခုမှာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ဇူလိုင် ၁၄ ရက် ည ၁၀ နာရီကျော်မှာ ကိုထွန်းအိကို မယ်တမန်လမ်းပေါ်က ယာယီစစ်ဆေးရေးဂိတ်တခုမှာ လူတစုက ပစ်ကပ်ကားပေါ် အတင်းအကျပ်ခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး သူရဲ့ မော်တော်ဆိုင်ကယ်ကိုလည်း အခြားကားတစီးနဲ့ သယ်ဆောင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

နောက်တနေ့ မနက် ၄ နာရီဝန်းကျင်မှာ ကိုထွန်းအိကို လမ်းဘေးချုံပုတ်အတွင်း သတိလစ်နေတဲ့အခြေအနေနဲ့ တွေ့ရှိခဲ့တာပါ။ သူဟာ မျက်နှာနဲ့ ဦးခေါင်းမှာ ပြင်းထန်တဲ့ဒဏ်ရာတွေရရှိထားပြီး ဦးနှောက်ရောင်ရမ်းတာ၊ ဦးနှောက်အတွင်း သွေးယိုတာတွေကြောင့် ခွဲစိတ်ကုသခဲ့ရကာ လက်ရှိအချိန်အထိ ဆေးရုံအထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူနေရပါတယ်။

ချင်းမိုင်ခရိုင်ရဲမှူး ယုထနာ ကဲန်ချန်က စုံစမ်းစစ်ဆေးမှုတွေအရ ဖြစ်စဉ်မှာပါဝင်သူတွေဟာ အမှတ် ၃၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ဝင်တွေဖြစ်ပြီး ရဲဗိုလ်ကြီးအဆင့်ရှိသူတဦးက အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။

ရဲ ၅ ဦးကို လက်ရှိမှာ ထိုင်းရာဇဝတ်ဥပဒေပုဒ်မ ၁၅၇ အရ တာဝန်ကို မလျော်မကန်ဆောင်ရွက်မှုနဲ့ ကနဦးစွဲချက်တင်ထားပါတယ်။ ဒဏ်ရာရသူရဲ့ ထွက်ဆိုချက်နဲ့ ထပ်မံရရှိလာမယ့် သက်သေအထောက်အထားတွေအပေါ် မူတည်ပြီး အခြားစွဲချက်တွေ ထပ်တိုးမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အမှုကို ထိုင်းနိုင်ငံ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကော်မရှင်ထံလည်း လွှဲပြောင်းပေးမယ်လို့ သိရပါတယ်။

စွပ်စွဲခံထားရတဲ့ ရဲတွေကတော့ ကိုထွန်းအိကို တပ်ဖွဲ့ရုံးဆီ ခေါ်ဆောင်ဖို့ ကားနောက်ခန်းပေါ် တင်လာချိန်မှာ ကားပေါ်က ပြုတ်ကျခဲ့တာဖြစ်ပြီး အဲဒီအချိန်က ဒဏ်ရာမပြင်းထန်တာကြောင့် နောက်ပိုင်းတွေ့ရှိခဲ့တဲ့နေရာမှာ ထားခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။ ရဲ ၅ ဦးစလုံးက စွဲချက်တွေကို ငြင်းဆိုထားပြီး ဒဏ်ရာရသူက ထွက်ဆိုနိုင်ခြင်းမရှိသေးတာကြောင့် အခင်းဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေပါတယ်။

ဒီနေ့ ဇူလိုင် ၂၀ ရက်မှာ ကိုထွန်းအိရဲ့ ဇနီးဖြစ်သူ အသက် ၃၇ နှစ်အရွယ် မစုတာနဲ့ မယ်တန်ဒေသက ကရင်တိုင်းရင်းသားတွေ၊ ဆင်စခန်းလုပ်သားတွေ အပါအဝင် လူ ၁၀၀ ကျော်ဟာ ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့ စုဝေးပြီး ကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ကိုထွန်းအိဟာ မိသားစုရဲ့ အဓိကဝင်ငွေရှာဖွေပေးနေသူဖြစ်တာကြောင့် သူအလုပ်ပြန်လုပ်နိုင်မှာမဟုတ်ရင် မိသားစုနဲ့ ကလေးရဲ့ အနာဂတ်အတွက် စိုးရိမ်တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ မိသားစုဟာ ထိုင်းဝန်ကြီးချုပ်နဲ့ ချင်းမိုင်ခရိုင် လွှတ်တော်ကိုယ်စားလှယ်တဦးထံလည်း တရားမျှတမှုရရှိရေး အကူအညီတောင်းခံထားပါတယ်။

Related News

Most Read