၂၉ ဇူလိုင် ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က နေအိမ်ကနေ ဇူလိုင် ၂၈ ရက် မနက်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ မြန်မာကျောင်းသား မောင်စွမ်းပြည့်ပိုင်စိုးကို ထိုင်းရဲတပ်ဖွဲ့က ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး လက်ရှိမှာ ဘေးကင်းလုံခြုံစွာ ရဲတပ်ဖွဲ့ရဲ့ စောင့်ရှောက်မှုအောက် ရောက်ရှိနေပြီလို့ မိသားစုဝင်တွေက အသိပေးထားပါတယ်။
“ကိုစွမ်းကို ဘေးမသီရန်မခ ပြန်တွေ့ပါပြီ။ ရဲလက်ထဲ ရောက်နေပါပြီ။ အကျိုးအကြောင်း သေချာသိရရင် ဖြစ်စဉ်ကို ပြန်ပြောပါ့မယ်” လို့ မိသားစုဝင်တဦးက လူမှုကွန်ရက်ကနေ အသိပေးခဲ့ပါတယ်။
အဲ့ဒီမြန်မာကျောင်းသား ကလေးရှိတယ်လို့ သတင်းရရှိတဲ့ ဟိုတယ်တခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် အခုလို ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ကလေး ဘယ်လိုရောက်ရှိသွားခဲ့သလဲ၊ တယောက်တည်းရှိနေခဲ့တာလား၊ တခြားသူတွေရဲ့ ခေါ်ဆောင်မှုရှိခဲ့သလားဆိုတဲ့ ဖြစ်စဉ်အသေးစိတ်ကို မသိရသေးပါဘူး။
မောင်စွမ်းပြည့်ပိုင်စိုးဟာ ဇူလိုင် ၂၈ ရက် မနက် ၉ နာရီ ၂၀ မိနစ်ခန့်မှာ ချင်းမိုင်ရှိ နေအိမ်ကနေ နိုင်ငံကူးလက်မှတ်နဲ့ ငွေသားယူဆောင်ပြီး ထွက်ခွာသွားခဲ့တာပါ။
CCTV မှတ်တမ်းတွေအရ မနက် ၉ နာရီ ၃၇ မိနစ်ခန့်မှာ Chiang Mai Arcade Bus Terminal 2 ရဲ့ အမှတ် ၉ နဲ့ ၁၀ ဂိတ်အနီး ရောက်ရှိခဲ့ပြီး ကားလက်မှတ်ဝယ်ယူခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။
ကလေးကို ပို့ဆောင်ပေးခဲ့တဲ့ Grab ယာဉ်မောင်းရဲ့ ပြောဆိုချက်အရ မောင်စွမ်းပြည့်ပိုင်စိုးက Pai မြို့ကိုသွားမယ့် ကားလက်မှတ် ဘယ်လိုဝယ်ရမလဲလို့ မေးမြန်းခဲ့ကြောင်း မိသားစုက ပြောပါတယ်။
ည ၁၀ နာရီခန့်မှာ ကလေးရဲ့ ဖုန်း SIM တည်နေရာကို Uttaradit ဒေသမှာ နောက်ဆုံးတွေ့ရှိခဲ့ပြီး အဲဒီနောက် တည်နေရာခြေရာခံလို့ မရတော့တာကြောင့် မိသားစုနဲ့ ထိုင်းအာဏာပိုင်တွေက စိုးရိမ်စွာ လိုက်လံရှာဖွေခဲ့ကြပါတယ်။
မြန်မာကျောင်းသားလေးဟာ Telegram အဖွဲ့တခုကနေ စိတ်ပိုင်းဆိုင်ရာ သွေးဆောင်လှည့်ဖြားခံရပြီး နေအိမ်ကနေ ထွက်လာဖို့ စီစဉ်ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ မိသားစုက သံသယရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီယူဆချက်နဲ့ ကလေးပျောက်ဆုံးရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့ဘက်က အတည်ပြုထားခြင်း မရှိသေးပါဘူး။
မြန်မာကျောင်းသားလေးကို ပြန်လည်တွေ့ရှိခဲ့တဲ့ နေရာ၊ ဟိုတယ်မှာ တွေ့ရှိချိန် အတူရှိနေသူတွေ၊ ဖြစ်စဉ်နဲ့ဆက်နွှယ်သူ ရှိ၊ မရှိတို့ကို ထိုင်းရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။


