၂၀ မေ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က တိုက်ခန်းတစ်ခုရဲ့ ရေချိုးခန်းအတွင်း မြန်မာအမျိုးသမီးတစ်ဦး ဒဏ်ရာများနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို ထိုင်းရဲတပ်ဖွဲ့က မေလ ၁၈ ရက်နေ့ ညနေပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အဆိုပါအခန်းကို အပြင်ဘက်ကနေ သော့ခတ်ထားသလို ရေချိုးခန်းတံခါးကိုလည်း သော့ခတ်ထားခဲ့ပြီး သေဆုံးသူရဲ့ လည်ပင်းမှာ ညိုမည်းဒဏ်ရာတွေ တွေ့ရှိထားတာကြောင့် အနည်းဆုံး ၂ ရက်ခန့် သေဆုံးနေပြီလို့ ခန့်မှန်းထားပါတယ်။
လက်ရှိမှာတော့ သေဆုံးရတဲ့ အကြောင်းရင်းကို အတည်ပြုနိုင်ဖို့ ရုပ်အလောင်းကို Maharaj Nakorn Chiang Mai Hospital ကို ပို့ဆောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။
အခန်းငှားထားသူမှာ ပုဂ္ဂလိကကျောင်းတစ်ခုတွင် ဥယျာဉ်မှူးအဖြစ် လုပ်ကိုင်နေတဲ့ အသက် ၄၆ နှစ်အရွယ် မြန်မာနိုင်ငံသား ရှမ်းအမျိုးသား ဂျေးစု (Mr. Jay Su) ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ မေလ ၁၆ ရက်နေ့မှာ ဂျေးစုဟာ သေဆုံးသူအမျိုးသမီးကို ဆိုင်ကယ်နဲ့ ခေါ်လာခဲ့ပြီး အခန်းထဲမှာ အတူသောက်စားနေခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ရန်ဖြစ်သံမျိုး မကြားရဘဲ ဂျေးစုတစ်ယောက်တည်း ဆိုင်ကယ်နဲ့ ထွက်သွားခဲ့ပြီး အခန်းကို သော့ခတ်ထားခဲ့တယ်လို့ သိရပါတယ်။
ဂျေးစုဟာ အလုပ်ကို ၂ ရက်ခန့် ပျက်ကွက်နေခဲ့တာကြောင့် အလုပ်ရှင်က လိုက်လံစုံစမ်းရာမှ အခန်းအတွင်း အလောင်းကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အိမ်နီးနားချင်းတွေရဲ့ အဆိုအရ ဂျေးစုဟာ ပုံမှန်အားဖြင့် ဖော်ရွေပြီး အလုပ်ကြိုးစားသူတစ်ဦးဖြစ်သလို တစ်ခါတရံ TikTok ပေါ်မှာ ရှမ်းတိုင်းရင်းသူဝတ်စုံ ဝတ်ဆင်ကာ ဖျော်ဖြေရေးဗီဒီယိုတွေ တင်လေ့ရှိတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ ထိုင်းရဲတပ်ဖွဲ့က ဂျေးစုကို အဓိကသံသယရှိသူအဖြစ် သတ်မှတ်ထားပြီး အရေးပေါ် လိုက်လံရှာဖွေစစ်ဆေးနေတယ်လို့ သိရပါတယ်။


