Homeအထူးသတင်းလေထုညစ်ညမ်းမှုကြောင့် ချင်းမိုင်အပါအဝင် ထိုင်းမြောက်ပိုင်းမှာ ခရီးသွားလုပ်ငန်း ထိခိုက်

လေထုညစ်ညမ်းမှုကြောင့် ချင်းမိုင်အပါအဝင် ထိုင်းမြောက်ပိုင်းမှာ ခရီးသွားလုပ်ငန်း ထိခိုက်

၂ ဧပြီ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုပြဿနာနဲ့ ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် ခရီးသွားလုပ်ငန်းဟာ ကြီးမားတဲ့ ထိခိုက်မှုတွေ ကြုံတွေ့နေရတယ်လို့ ထိုင်းလုပ်ငန်းရှင်တွေက ပြောဆိုနေပါတယ်။

ဆုန်ကရန် ကာလအတွင်း ခရီးသွားလာမှု လျော့နည်းနိုင်ကြောင်း ခန့်မှန်းထားပြီး တောမီးတွေကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှု၊ ရေနံဈေးနှုန်း မြင့်တက်မှုနဲ့ သုံးစွဲသူဝယ်လိုအား ကျဆင်းမှုတွေက အဓိကအကြောင်းရင်းတွေ ဖြစ်နေပါတယ်။

ချင်းမိုင်မြို့မှာ လေထုညစ်ညမ်းမှုပြဿနာ ပြင်းထန်လာပြီး ကမ္ဘာ့လေထုညစ်ညမ်းဆုံးမြို့တွေထဲ ပါဝင်လာတာကြောင့် ခရီးသွားတွေဟာ မြောက်ပိုင်းဒေသအစား ပင်လယ်ကမ်းခြေဒေသတွေကို ပြောင်းလဲရွေးချယ်လာကြပါတယ်။

လက်ရှိမှာ ချင်းမိုင်ရှိ ဟိုတယ်တည်းခိုမှုနှုန်းဟာ ၃၀ ရာခိုင်နှုန်းက ၄၀ ရာခိုင်နှုန်းအထိသာ ရှိတော့ပြီး ဆုန်ကရန် ကာလအတွက် ကြိုတင်ဘိုကင်တွေကလည်း ယခင်နှစ်တွေထက် သိသိသာသာ လျော့နည်းနေပါတယ်။

ခရီးသွားအေဂျင်စီတွေကလည်း မီးခိုးမြူရာသီကို ကြိုတင်တွက်ချက်ပြီး ခရီးစဉ်ရောင်းချမှုတွေကို လွန်ခဲ့တဲ့ လတွေကတည်းက လျှော့ချထားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ယူကေ၊ အစ္စရေးလိုနိုင်ငံတွေက ခရီးသွားတွေဟာ ပိုင် (Pai) နဲ့ မြောက်ပိုင်းဒေသတွေကို မရွေးချယ်တော့ဘဲ ဖူးခက် လို ပင်လယ်ကမ်းခြေဒေသတွေကို ပိုမိုရွေးချယ်လာကြပါတယ်။

ကျွမ်းကျင်သူတွေကတော့ လေထုညစ်ညမ်းမှုပြဿနာကို ထိန်းချုပ်နိုင်ဖို့ သန့်ရှင်းသောလေထုဥပဒေ အမြန်ဆုံး ပြဋ္ဌာန်းဖို့၊ မီးရှို့မှုတွေကို ထိန်းချုပ်ဖို့နဲ့ ဒေသအလိုက် ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ဖို့ ထောက်ပြနေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး