Homeပြည်တွင်းသတင်းမြန်မာစစ်အုပ်စုရဲ့ ချင်းမိုင်နဲ့ ဘန်ကောက်မှာ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးအတွက် မြေကွက်တွေ ထပ်မံဝယ်ယူမှု ထိုင်းအစိုးရခွင့်ပြု

မြန်မာစစ်အုပ်စုရဲ့ ချင်းမိုင်နဲ့ ဘန်ကောက်မှာ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးအတွက် မြေကွက်တွေ ထပ်မံဝယ်ယူမှု ထိုင်းအစိုးရခွင့်ပြု

၁၉ ဇွန် ၂၀၂၆ | New Day Myanmar

စစ်အုပ်စုက ထိုင်းနိုင်ငံအတွင်း သံတမန်ရေးနဲ့ ကောင်စစ်ဝန်လုပ်ငန်းတွေအတွက် မြေကွက်နဲ့ အဆောက်အအုံတွေ ထပ်မံဝယ်ယူနိုင်ရေးဆိုင်ရာ သဘောတူညီချက်မူကြမ်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တင်ပြလာတဲ့ အဆိုပြုချက်ကို အစိုးရအဖွဲ့က အတည်ပြုခဲ့တာဖြစ်တယ်လို့ ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ လာလီဒါ ဖတ်ဆရီဝပ်တာနာက ဇွန်လ ၁၈ ရက်မှာ ပြောပါတယ်။

ဒီအစီအစဉ်ဟာ ထိုင်းနဲ့ မြန်မာနိုင်ငံတို့က တစ်နိုင်ငံရဲ့ နယ်မြေအတွင်း တစ်နိုင်ငံက သံရုံး၊ ကောင်စစ်ဝန်ရုံးနဲ့ ဆက်စပ်အဆောက်အအုံတွေအတွက် မြေယာနဲ့ အဆောက်အအုံတွေ အပြန်အလှန်ပိုင်ဆိုင်ခွင့်ပြုထားတဲ့ သဘောတူညီချက်နဲ့ ဆက်စပ်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ရန်ကုန်မြို့မှာ တော်ဝင်ထိုင်းသံရုံးနဲ့ သံအမတ်ကြီးနေအိမ်အဖြစ် အသုံးပြုနေတဲ့ စုစုပေါင်း စတုရန်းမီတာ ၁၄,၆၀၅ ခန့်ရှိတဲ့ မြေကွက်နဲ့ အဆောက်အအုံတွေကို ပိုင်ဆိုင်ထားပါတယ်။

မြန်မာဘက်ကလည်း ဘန်ကောက်မြို့မှာ မြန်မာသံရုံးနဲ့ ဆက်စပ်သံတမန်ရေးအဆောက်အအုံတွေအတွက် စုစုပေါင်း စတုရန်းမီတာ ၁၆,၆၀၀ ခန့်ရှိတဲ့ မြေကွက်နဲ့ အဆောက်အအုံတွေ ပိုင်ဆိုင်ထားတယ်လို့ ထိုင်းအစိုးရဘက်က ဆိုပါတယ်။

အဲဒီအိမ်ခြံမြေတွေကို ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစလုံးက ၁၉၄၈ ခုနှစ်ကတည်းက ပိုင်ဆိုင်အသုံးပြုလာခဲ့ကြတာ ဖြစ်ပါတယ်။

အခု စစ်အုပ်စုဘက်က ထိုင်းနိုင်ငံအတွင်း မြေကွက်နဲ့ အဆောက်အအုံ စုစုပေါင်း စတုရန်းမီတာ ၃,၃၀၆ ဒသမ ၈ ထပ်မံဝယ်ယူခွင့်ပြုဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဝယ်ယူမယ့် အိမ်ခြံမြေတွေထဲမှာ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို တိုးချဲ့ဖို့ အသုံးပြုမယ့် မြေကွက်နဲ့ အဆောက်အအုံတွေ ပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာကောင်စစ်ဝန်ချုပ်နဲ့ ကောင်စစ်ဝန်ရုံးဝန်ထမ်းတွေအတွက် နေအိမ်အဖြစ် အသုံးပြုမယ့် အိမ်ခြံမြေတွေလည်း ပါဝင်တယ်လို့ ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

ဘန်ကောက်မြို့မှာလည်း မြန်မာအလုပ်သမားသံအရာရှိတွေရဲ့ ရုံးခန်းနဲ့ နေအိမ်အဖြစ် အသုံးပြုမယ့် အိမ်ခြံမြေတစ်ခု ဝယ်ယူဖို့ အစီအစဉ်ထဲမှာ ထည့်သွင်းထားပါတယ်။

အခုအတည်ပြုချက်ဟာ မြေကွက်ဝယ်ယူမှု ချက်ချင်းပြီးစီးသွားပြီဆိုတဲ့ သဘောမဟုတ်သေးဘဲ နှစ်နိုင်ငံအကြား သဘောတူညီချက်မှတ်တမ်း အပြန်အလှန်လဲလှယ်ရေးနဲ့ သက်ဆိုင်ရာ ထိုင်းဥပဒေလုပ်ထုံးလုပ်နည်းတွေ ဆက်လက်ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။

ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးဟာ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံကူးလက်မှတ်၊ သက်သေခံစာရွက်စာတမ်းနဲ့ ကောင်စစ်ဝန်ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေတဲ့ အဓိကရုံးတစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ ဝယ်ယူမယ့် မြေကွက်တစ်ခုချင်းစီရဲ့ တည်နေရာ၊ တန်ဖိုးနဲ့ ဝယ်ယူမယ့် အချိန်ဇယားတွေကိုတော့ ထိုင်းအစိုးရဘက်က အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး