Homeနိုင်ငံတကာသတင်းမင်းအောင်လှိုင်ကို တရားဝင်ကြိုဆိုမှု ထိုင်းတက္ကသိုလ် ၃ ခုက ကျောင်းသားအဖွဲ့ ၁၉ ဖွဲ့ ပြင်းထန်စွာ ကန့်ကွက်

မင်းအောင်လှိုင်ကို တရားဝင်ကြိုဆိုမှု ထိုင်းတက္ကသိုလ် ၃ ခုက ကျောင်းသားအဖွဲ့ ၁၉ ဖွဲ့ ပြင်းထန်စွာ ကန့်ကွက်

ဩဂုတ် ၇၊ ၂၀၂၆ | New Day Myanmar

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းအစိုးရက နိုင်ငံ့ခေါင်းဆောင်အဆင့် တရားဝင်ဖိတ်ကြားကြိုဆိုခဲ့တာကို ထိုင်းနိုင်ငံရှိ တက္ကသိုလ် ၃ ခုက ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားအဖွဲ့အစည်း စုစုပေါင်း ၁၉ ဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဒီနေ့ ဩဂုတ် ၇ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပူးတွဲကြေညာချက်မှာ မင်းအောင်လှိုင်ရဲ့ ဩဂုတ် ၆ ရက်ကနေ ၇ ရက်အထိ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ်နဲ့ သူ့ကို တရားဝင်လက်ခံကြိုဆိုဖို့ ထိုင်းအစိုးရနဲ့ ဝန်ကြီးချုပ်တို့ရဲ့ ဆုံးဖြတ်ချက်ကို ကျောင်းသားအဖွဲ့တွေက လက်မခံနိုင်ကြောင်း ဖော်ပြထားပါတယ်။

ကြေညာချက်မှာ ပါဝင်တဲ့ အဖွဲ့တွေရဲ့ အမှတ်တံဆိပ်တွေအရ ချူလာလောင်ကွန်းတက္ကသိုလ်၊ သမ္မဆတ်တက္ကသိုလ်နဲ့ Kasetsart တက္ကသိုလ်တို့က ကျောင်းသားသမဂ္ဂ၊ မဟာဌာနအလိုက် ကျောင်းသားကောင်စီနဲ့ ကျောင်းသားအဖွဲ့အစည်းတွေ ပါဝင်ထားတာ တွေ့ရပါတယ်။

ကျောင်းသားအဖွဲ့တွေက မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်ပဋိပက္ခတွေအတွက် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်တယ်လို့ ရှုမြင်ထားပြီး ဒီပဋိပက္ခကြောင့် မြန်မာကျောင်းသားအများအပြား ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဲဒီလို ပုဂ္ဂိုလ်တစ်ဦးကို နိုင်ငံ့ခေါင်းဆောင်အဖြစ် တရားဝင်လက်ခံကြိုဆိုတာဟာ မြန်မာလူငယ်တွေရဲ့ အနာဂတ် ဆက်လက်ပျက်စီးစေမှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ရာရောက်နိုင်တယ်လို့ ကျောင်းသားအဖွဲ့တွေက ထောက်ပြထားပါတယ်။

စစ်အုပ်စုဟာ အကြမ်းဖက်မှုကို အသုံးပြုပြီး အာဏာဆက်လက်ထိန်းသိမ်းထားသလို အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အများပြည်သူလုံခြုံရေးကို ခြိမ်းခြောက်မှုတွေနဲ့ ပြည်သူအများအပြား နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ရမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ကြေညာချက်မှာ စွပ်စွဲထားပါတယ်။

မြန်မာနိုင်ငံအတွင်း ပြဿနာတွေဟာ ပြည်တွင်းမှာသာ ရပ်တန့်မနေဘဲ ထိုင်းနိုင်ငံအပေါ်ပါ တိုက်ရိုက်သက်ရောက်မှုရှိနေတယ်လို့ ကျောင်းသားအဖွဲ့တွေက ထောက်ပြပါတယ်။

အဲဒီထဲမှာ ဒုက္ခသည်ပြဿနာ၊ နယ်စပ်ဒေသ မတည်ငြိမ်မှု၊ နယ်စပ်ကုန်သွယ်ရေး အနှောင့်အယှက်၊ ဒေသတွင်းလုံခြုံရေးပြဿနာတွေအပြင် ကို့ခ်မြစ်မှာ တွေ့ရှိနေရတဲ့ အဆိပ်သင့်ညစ်ညမ်းမှုလို နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ပြဿနာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေမှာ စစ်အုပ်စုရဲ့ တရားဝင်မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအတွင်း အငြင်းပွားနေဆဲဖြစ်ပေမယ့် ထိုင်းအစိုးရက မင်းအောင်လှိုင်ကို တရားဝင်ကြိုဆိုတာနဲ့ စစ်အုပ်စုနဲ့ သံတမန်ဆက်ဆံရေး ပိုမိုအားကောင်းအောင်လုပ်တာဟာ နှစ်နိုင်ငံကြား ရေရှည်တည်ငြိမ်မှုကို မဖန်တီးနိုင်သလို ပြဿနာတွေကို အမှန်တကယ်ဖြေရှင်းပေးနိုင်မှာလည်း မဟုတ်ဘူးလို့ ကျောင်းသားအဖွဲ့တွေက သုံးသပ်ပါတယ်။

အပြန်အလှန်အားဖြင့် ဒီလိုဆက်ဆံမှုတွေဟာ ပြည်တွင်းနဲ့ နိုင်ငံတကာအကျပ်အတည်းတွေရဲ့ အရင်းအမြစ်ဖြစ်နေတဲ့ စစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှု ပိုမိုရရှိစေနိုင်တယ်လို့ ကြေညာချက်မှာ သတိပေးထားပါတယ်။

ထိုင်းအစိုးရအနေနဲ့ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ရင်ဆိုင်နေရတဲ့ ဒေသတွင်းပြဿနာတွေကို အမှန်တကယ် ဖြေရှင်းလိုတယ်ဆိုရင် လူ့အခွင့်အရေးကို လေးစားမှု၊ အရပ်သားတွေကို ကာကွယ်မှုနဲ့ မြန်မာ့အရေးမှာ ပါဝင်ပတ်သက်သူအားလုံး အဓိပ္ပာယ်ရှိရှိ ပါဝင်နိုင်မှုတို့အပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေးမူဝါဒကို ဦးစားပေးသင့်တယ်လို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူတွေကို သွယ်ဝိုက်အထောက်အပံ့ဖြစ်စေမယ့် မူဝါဒတွေကို ရှောင်ရှားဖို့လည်း တိုက်တွန်းထားပါတယ်။

ရေတိုစီးပွားရေး ဒါမှမဟုတ် နိုင်ငံရေးအကျိုးစီးပွားကို ဦးစားပေးပြီး လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုတဲ့ နိုင်ငံခြားရေးမူဝါဒဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆီ ဦးတည်နိုင်မှာ မဟုတ်ဘူးလို့ ကျောင်းသားအဖွဲ့တွေက ဆိုပါတယ်။

ဒါကြောင့် ထိုင်းအစိုးရနဲ့ ဝန်ကြီးချုပ်အနေနဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုကို အထောက်အပံ့ဖြစ်စေမယ့် ဒါမှမဟုတ် နိုင်ငံရေးတရားဝင်မှု ပေးအပ်ရာရောက်မယ့် လုပ်ဆောင်ချက်တွေကို ရှောင်ကြဉ်ဖို့ ကျောင်းသားအဖွဲ့ ၁၉ ဖွဲ့က တောင်းဆိုထားပါတယ်။

အဲဒီအစား ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာစင်မြင့်တွေကို အသုံးပြုပြီး အရပ်သားတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်ရေးနဲ့ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းသင့်တယ်လို့ ပူးတွဲကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

Related News

Most Read