Homeနိုင်ငံတကာသတင်းထိုင်းကျောင်း ပစ်ခတ်မှု သေနတ်သမားအပါအဝင် စုစုပေါင်း ၈ ဦးသေဆုံး၊ ၂၃ ဦးဒဏ်ရာရ

ထိုင်းကျောင်း ပစ်ခတ်မှု သေနတ်သမားအပါအဝင် စုစုပေါင်း ၈ ဦးသေဆုံး၊ ၂၃ ဦးဒဏ်ရာရ

ဩဂုတ် ၇၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနောက်မြောက်ဘက် Nonthaburi ပြည်နယ်၊ Bang Kruai ခရိုင်ရှိ Debsirin Nonthaburi ကျောင်းမှာ ဒီနေ့ ဩဂုတ် ၇ ရက် မနက်ပိုင်းက အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အဘိုးအဘွား ၂ ဦးနဲ့ ကျောင်းက ဆရာ၊ ဆရာမနဲ့ ဝန်ထမ်း ၅ ဦး သေဆုံးခဲ့ပြီး သေနတ်သမားကိုယ်တိုင်လည်း သေဆုံးခဲ့တာကြောင့် စုစုပေါင်းသေဆုံးသူ အနည်းဆုံး ၈ ဦးရှိလာပါတယ်။

ရဲတပ်ဖွဲ့ရဲ့ နောက်ဆုံးအတည်ပြုချက်အရ သေနတ်သမားဟာ ကျောင်းကို မလာမီ နေအိမ်မှာ သူ့ရဲ့ အဘိုးနဲ့ အဘွားကို အရင်ဆုံး ပစ်သတ်ခဲ့ပြီးနောက် ကျောင်းကို ရောက်လာကာ ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းတွေကို ဆက်လက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ကျောင်းအတွင်း သေဆုံးသူ ၅ ဦးဟာ ဆရာ၊ ဆရာမနဲ့ ဝန်ထမ်းတွေဖြစ်ပြီး ကျောင်းသားတွေ သေဆုံးသူစာရင်းထဲ မပါဘူးလို့ ရဲတပ်ဖွဲ့က နောက်ဆုံးပြောပါတယ်။

ပစ်ခတ်မှုအတွင်း လူ ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ဒဏ်ရာရသူတွေကို ဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့ကြပါတယ်။ ဖြစ်စဉ်အတွင်း ကျောင်းသားတွေဟာ စာသင်ခန်းတွေကနေ ထွက်ပြေးခဲ့ကြရပြီး ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ အထိတ်တလန့်ဖြစ်ခဲ့ကြတယ်လို့ Reuters က ဖော်ပြပါတယ်။

အသက် ၁၄ နှစ်အရွယ် သေနတ်သမားဟာ သူ့အဘိုးပိုင် သေနတ်ကို အသုံးပြုခဲ့တာဖြစ်ပြီး ကျောင်းအတွင်းမှာ အနည်းဆုံး ကျည် ၂၆ တောင့် ပစ်ခတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူ့ဆီကနေ နောက်ထပ် ကျည် ၃၄ တောင့်ကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

ရဲနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ကျောင်းအတွင်း ဝင်ရောက်ရှာဖွေချိန်မှာ သေနတ်သမားကို သေနတ်ဒဏ်ရာနဲ့ တွေခဲ့ပြီး အဲဒီအချိန်မှာ နှလုံးခုန်နေသေးတာကြောင့် ကယ်ဆယ်ရေးသမားတွေက CPR ပြုလုပ်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပြီး သေနတ်သမားက အဘိုးအဘွားကို ပစ်သတ်ပြီး ကျောင်းကို ဆက်လက်သွားရောက်ပစ်ခတ်ခဲ့တဲ့ အကြောင်းရင်းအပါအဝင် ဖြစ်စဉ်တစ်ခုလုံးကို စုံစမ်းစစ်ဆေးနေပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်ကလည်း ဖြစ်စဉ်ဟာ ဆိုးရွားတဲ့ ကြေကွဲဖွယ်ရာဖြစ်ရပ်ဖြစ်တယ်လို့ ပြောပြီး သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း ပြောထားပါတယ်။

ဒီဖြစ်စဉ်ဟာ အခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ ဖြစ်ပွားတဲ့ ဒုတိယမြောက် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုဖြစ်ပြီး ဖေဖော်ဝါရီလက ထိုင်းတောင်ပိုင်းရှိ ကျောင်းတစ်ကျောင်းမှာ သေနတ်ပစ်ခတ်မှုကြောင့် ဆရာမတစ်ဦး သေဆုံးပြီး ကျောင်းသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ကလည်း ဘန်ကောက်မြို့ Siam Paragon ဈေးဝယ်စင်တာမှာ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး သေနတ်ပစ်ခတ်ခဲ့တာကြောင့် လူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

Related News

Most Read