၃၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့မှာ ငဝန်မြစ်ရေမြင့်တက်လာပြီး ရပ်ကွက်နဲ့ ကျေးရွာတွေထဲအထိ ရေဝင်ရောက်နေတာကြောင့် မြို့ပေါ်က စာသင်ကျောင်းတွေကို ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။
ဒီနေ့ ဇူလိုင် ၃၁ ရက် မနက် ၆ နာရီအထိ ငဝန်မြစ်ရေဟာ မြစ်ကျိုးအင်းထဲကို ဝင်ရောက်ခဲ့ပြီး အဲဒီကတဆင့် အမှတ် (၃)၊ (၄)၊ (၅) ရပ်ကွက်တွေအပြင် ဂျမ်းကုန်း၊ ကျွန်းကုန်းနဲ့ ကွမ်းခြံကုန်းကျေးရွာတွေထဲကိုပါ ဆက်လက်ဝင်ရောက်နေတယ်လို့ ဧရာဝတီတိုင်း မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာနေရာတွေဆီ ကူညီရွှေ့ပြောင်းပေးနေပြီး ဇူလိုင် ၃၁ ရက် မနက် ၇ နာရီ ၁၀ မိနစ်မှာ တိုင်းမီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်း ဦးဆောင်တဲ့ ကွပ်ကဲရေးအဖွဲ့ဟာ လေးမျက်နှာမြို့ကို ရောက်ရှိလာခဲ့ပါတယ်။
ကွပ်ကဲရေးအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရပ်ကွက်တွေမှာ ကင်းလှည့်စောင့်ကြည့်တာ၊ ရေဘေးအခြေအနေ စောင့်ကြည့်တာနဲ့ ကယ်ဆယ်ရွှေ့ပြောင်းရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


