၃၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်တာဘောင်ကျိုးပေါက်ပြီး မြို့ပေါ်ရပ်ကွက်ငါးခုစလုံး ရေဝင်ရောက်နေတာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ အရေးပေါ်ရွှေ့ပြောင်းပေးနေပြီး ကယ်ဆယ်ရေးစခန်းတွေလည်း ဖွင့်လှစ်ထားရတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ ဒေသတွင်းသတင်းရင်းမြစ်တဦးက New Day Myanmar ကို ပြောပါတယ်။
ငဝန်မြစ်တာဘောင်ဟာ ဇူလိုင် ၃၀ ရက် ည ၁၀ နာရီ ၄၅ မိနစ်ကနေ ၁၁ နာရီဝန်းကျင်အတွင်း မိုင်တိုင်အမှတ် ၂၅/၃ အနီးမှာ မြစ်ရေတွန်းအားကြောင့် ပေ ၂၀ ခန့် ကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။
တာဘောင်ကျိုးပေါက်ချိန်မှာ ငဝန်မြစ်ရေဟာ စိုးရိမ်ရေမှတ်ကို မရောက်သေးတာကြောင့် ရေဝင်ရောက်တဲ့ပမာဏဟာ ၁၉၉၁ ခုနှစ် တာကျိုးပေါက်မှုအတွင်း ဝင်ရောက်ခဲ့တဲ့ ရေပမာဏလောက် မများသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
“စိုးရိမ်ရေမှတ်မရောက်ခင် ကျိုးတာကြောင့် ရေဝင်တဲ့ပမာဏက နည်းပါတယ်။ ၉၁ ခုနှစ် ငဝန်ရေကာတာကျိုးတုန်းကလောက် ရေပမာဏမရှိပါဘူး။ မြို့ပေါ်ကလူတွေ အားလုံးရွှေ့နေရပါပြီ။ အခုမနက် ကယ်ဆယ်ရေးစခန်းတွေ စတင်ဖွင့်လှစ်နေပါပြီ” လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတဦးက ပြောပါတယ်။
လက်ရှိမှာ ရေဟာ ဆက်လက်မြင့်တက်နေပြီး မြို့ပေါ်ရပ်ကွက်တွေက ဒေသခံတွေကို ကုန်းမြင့်နေရာ၊ စာသင်ကျောင်း၊ ဓမ္မာရုံနဲ့ ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့ပေးနေရတယ်လို့ သိရပါတယ်။
“ရေက ဆက်တိုးနေတုန်းပါ။ အားလုံးပြောင်းရွှေ့နေပါတယ်” လို့ နောက်ထပ်ဒေသခံတဦးကလည်း New Day Myanmar ကို ပြောပါတယ်။
တာဘောင်ကျိုးပေါက်ရာက ဝင်ရောက်လာတဲ့မြစ်ရေဟာ ဇူလိုင် ၃၁ ရက် မနက် ၆ နာရီအထိ မြစ်ကျိုးအင်းထဲကို ဆက်လက်စီးဝင်နေပြီး အဲဒီကနေ ချောင်းဇောက်၊ စာရေးကုန်းချောင်းနဲ့ ဒါးကမြစ်ဘက်ကို ဆက်လက်စီးဆင်းနိုင်တယ်လို့ အရေးပေါ်သတိပေးချက်မှာ ဖော်ပြထားပါတယ်။
မြစ်ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ အမှတ် ၁၊ ၂၊ ၃၊ ၄ နဲ့ ၅ ရပ်ကွက်တွေအပြင် အနီးဝန်းကျင်ရှိ အနိမ့်ပိုင်းလယ်ကွင်းနဲ့ ကျေးရွာတွေပါ ရေဘေးအန္တရာယ် ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးထားပါတယ်။
ဧရာဝတီတိုင်း မီးသတ်တပ်ဖွဲ့က မြို့ပေါ်ရပ်ကွက်တွေအတွင်း ကင်းလှည့်စောင့်ကြည့်တာ၊ ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးတာနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
ဒေသခံတွေအနေနဲ့ သက်ကြီးရွယ်အို၊ ကလေးသူငယ်နဲ့ မသန်စွမ်းသူတွေကို ဦးစားပေးရွှေ့ပြောင်းဖို့၊ ဆေးဝါး၊ အစားအစာနဲ့ အရေးကြီးစာရွက်စာတမ်းတွေကို ယူဆောင်ဖို့၊ နေအိမ်က လျှပ်စစ်မိန်းခလုတ်တွေ ပိတ်ထားဖို့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာကြဖို့ သတိပေးထားပါတယ်။
လက်ရှိအချိန်အထိ လူသေဆုံး၊ ထိခိုက်ဒဏ်ရာရမှုနဲ့ နေအိမ်၊ စိုက်ပျိုးမြေ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။


