ဩဂုတ် ၂၆၊ ၂၀၂၆ | New Day Myanmar
တရုတ်နိုင်ငံအနောက်တောင်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ အပူပိုင်းမုန်တိုင်း ၄ လုံး တစ်ပြိုင်နက် ဖြစ်ပေါ်နေပြီး လာမယ့်ရက်ပိုင်းအတွင်း မိုးသည်းထန်မှု ဆက်ရှိနိုင်တာကြောင့် ဒေသခံ သောင်းနဲ့ချီကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ Reuters က ဖော်ပြပါတယ်။
နာရာ (Narra) မုန်တိုင်းဟာ ဩဂုတ် ၂၅ ရက် ညနေပိုင်းမှာ တရုတ်တောင်ပိုင်း ဟိုင်နန်ပြည်နယ်ကို အပူပိုင်းမုန်တိုင်းအဖြစ် ဝင်ရောက်ခဲ့ပြီး မဝင်ရောက်ခင် ရက်အတန်ကြာ Beibu Gulf ပင်လယ်ကွေ့အနီး တည်ရှိနေခဲ့တာကြောင့် Guangxi၊ Hainan နဲ့ Guangdong ဒေသတွေမှာ မိုးအလွန်အမင်း ရွာသွန်းခဲ့ပါတယ်။
မိုးသည်းထန်မှုကြောင့် Guangxi ဒေသက မြစ်တချို့မှာ ရေသတိပေးအမှတ်ထက် ကျော်လွန်လာပြီး မြေနိမ့်ပိုင်းတွေ ရေလွှမ်းမိုးမှု ဖြစ်ပွားနေပါတယ်။ အာဏာပိုင်တွေက လုပ်ငန်းတချို့နဲ့ ခရီးသွားလုပ်ငန်းတွေကို ယာယီရပ်နားထားပြီး ဒေသခံ သောင်းနဲ့ချီကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။
တစ်ရက်စောတဲ့ သတင်းအချက်အလက်တွေအရ Guangxi မှာပဲ လူ ၅၄,၀၀၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပြီး Chongzuo ဒေသမှာ လူ ၁၅,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲဒီဒေသတချို့မှာ ရေမြင့်တက်မှုဟာ ၂၀၀၈ ခုနှစ်က စံချိန်တွေကိုပါ ကျော်လွန်ခဲ့တယ်လို့ Reuters က ဖော်ပြပါတယ်။
တရုတ်မိုးလေဝသအာဏာပိုင်တွေအဆိုအရ လက်ရှိအချိန်မှာ Narra၊ Saudel၊ Gaenari နဲ့ Atsani မုန်တိုင်း ၄ လုံးဟာ အနောက်မြောက်ပစိဖိတ်နဲ့ တောင်တရုတ်ပင်လယ်မှာ တစ်ပြိုင်နက် လှုပ်ရှားနေတာဖြစ်ပြီး ဒီလိုအခြေအနေဟာ တွေ့ရခဲတဲ့ မုန်တိုင်းစုဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
အဲဒီထဲက Saudel မုန်တိုင်း ဟာ တရုတ်အရှေ့ဘက် Zhejiang နဲ့ Fujian ပြည်နယ်ကြား ကမ်းရိုးတန်းကို ကြာသပတေးနေ့ကနေ သောကြာနေ့အတွင်း ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းရဲ့ အပြင်ဘက် မိုးတိမ်တန်းတွေဟာ တရုတ်တောင်ပိုင်း Guangxi ဘက်အထိ ရောက်ရှိလာနိုင်တာကြောင့် အဲဒီဒေသတွေမှာ မိုးသည်းထန်မှု အချိန်ကြာရှည်နိုင်တယ်လို့ ဆိုပါတယ်။
Saudel ဟာ တရုတ်ဘက် မရောက်ခင် ဂျပန်နိုင်ငံ Okinawa ကိုလည်း ဖြတ်ကျော်ခဲ့ပြီး လေပြင်းနဲ့ လှိုင်းကြီးနိုင်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ Kagoshima ပြည်နယ်က Amami ကျွန်းစုဘက်မှာ အိမ်ခြေ ၃၅,၀၀၀ နီးပါး လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး Okinawa လေဆိပ်တွေမှာ လေယာဉ်ခရီးစဉ် ၉၂ ခု ဖျက်သိမ်းခဲ့ရပါတယ်။
ထိုင်ဝမ်ဘက်မှာလည်း Saudel မုန်တိုင်းဟာ ကျွန်းရဲ့မြောက်ဘက်ကို ဖြတ်သန်းနေပြီး သောကြာနေ့အထိ မြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတချို့မှာ မိုးရွာနိုင်တယ်လို့ ထိုင်ဝမ်မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
တရုတ်တောင်ပိုင်းမှာတော့ နာရာမုန်တိုင်းကြောင့် ဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုတွေ မလျော့သေးခင် နောက်ထပ်မုန်တိုင်းတစ်လုံး ထပ်မံဝင်ရောက်လာနိုင်တာကြောင့် ရက်ဆက် မိုးသည်းထန်တာ၊ မြစ်ရေတက်တာနဲ့ မြေနိမ့်ပိုင်း ရေလွှမ်းမိုးမှုတွေ ဆက်ဖြစ်နိုင်တဲ့အန္တရာယ် ရှိနေပါတယ်။

