၁၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင်း (Chongqing) မြို့နယ်အုပ်ချုပ်ရေးဒေသ၊ Pengshui Miao and Tujia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်မှာ ဒီကနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက မြေပြိုမှုဖြစ်ပွားပြီး လူနေအဆောက်အအုံအများအပြား ပြိုကျခဲ့သလို လူအချို့လည်း အပျက်အစီးအောက်မှာ ပိတ်မိနေတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
မြေပြိုမှုဟာ ဒေသစံတော်ချိန် မနက် ၉ နာရီ ၈ မိနစ်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တောင်စောင်းတစ်စိတ်တစ်ပိုင်း ပြိုကျလာကာ အောက်ဘက်မှာရှိတဲ့ လူနေအဆောက်အအုံတွေကို ဖုံးလွှမ်းသွားခဲ့တာဖြစ်ပါတယ်။
ဒေသခံတာဝန်ရှိသူတွေရဲ့ အဆိုအရ မြေပြိုမှုမဖြစ်ခင် မနက် ၈ နာရီဝန်းကျင်မှာ ကျောက်တုံးတွေ ပြိုကျလာတဲ့ လက္ခဏာတွေ တွေ့ရှိခဲ့တာကြောင့် ဒေသခံ ၆၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းနေချိန်အတွင်း မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူအချို့ အပျက်အစီးအောက်မှာ ပိတ်မိသွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ အပျက်အစီးအောက်မှာ ပိတ်မိနေသူ အရေအတွက်ကို အတည်မပြုနိုင်သေးပေမယ့် ကယ်ဆယ်ရေးအဖွဲ့တွေက အနည်းဆုံး လူ ၉ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ကယ်ထုတ်နိုင်သူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိသူ မတွေ့ရသေးဘူးလို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
ဖြစ်စဉ်အပြီး တရုတ်အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဘူမိဘေးအန္တရာယ်အတွက် အမျိုးသားအဆင့် Level II အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်ကို အသက်သွင်းခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်ရာနဲ့ချီကို နေရာချထားခဲ့ပါတယ်။ မီးသတ်နဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၂၀၀ ကျော်၊ ယာဉ် ၄၉ စီးနဲ့အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မြေပြိုမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။


