၈ ဧပြီ ၂၀၂၆ | New Day Myanmar
တရုတ်နိုင်ငံမှာ လူကုန်ကူးခံရပြီး နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးဟာ လူမှုကူညီရေးအသင်းတွေနဲ့ အလှူရှင်တွေရဲ့ အကူအညီနဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မိသားစုထံ ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်။
ဖြစ်စဉ်အရ မြစ်ကြီးနားမြို့၊ အမှတ် (၁) ရပ်ကွက်၊ မန်ခင်အုပ်စုမှာ နေထိုင်တဲ့ အဲဒီအမျိုးသမီးကို အသိမိတ်ဆွေဖြစ်သူ အမျိုးသမီးတစ်ဦးက တရုတ်နိုင်ငံမှာ အလုပ်ရမယ်လို့ စည်းရုံးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ပေါင်စန်းမြို့ရှိ တရုတ်အမျိုးသားတစ်ဦးထံကို ယွမ်ငွေ ၈ သောင်းနဲ့ မယားအဖြစ် ရောင်းစားခံခဲ့ရပါတယ်။
အဲဒီနေအိမ်မှာ နေထိုင်စဉ်အတွင်း အိမ်ပြန်ခွင့် တောင်းဆိုခဲ့ပေမယ့် ခွင့်မပြုဘဲ ရိုက်နှက်နှိပ်စက်မှုတွေ ပြုလုပ်ခံခဲ့ရပြီး ထပ်မံတောင်းဆိုတဲ့အခါမှာ မြန်မာပြည်ကို မပြေးနိုင်စေဖို့ ခြေဖနောင့်ကြောတွေကို ဓားနဲ့ လှီးဖြတ်တဲ့အထိ နှိပ်စက်ခံခဲ့ရတယ်လို့ ကာယကံရှင်ရဲ့ ပြောပြချက်အရ သိရပါတယ်။
အမျိုးသမီးဟာ နောက်ပိုင်းမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး လမ်းဘေးဆေးခန်းတစ်ခုမှာ ဒဏ်ရာကုသဖို့ ကြိုးပမ်းနေချိန် တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဖုန်း၊ မှတ်ပုံတင်နဲ့ ပိုက်ဆံတွေကိုလည်း သိမ်းဆည်းခံခဲ့ရပြီး ဧပြီ ၂ ရက်မှာ မူဆယ်နယ်စပ်ကို ပြန်လည်ပို့ဆောင်ခံခဲ့ရပါတယ်။
မူဆယ်ကို ရောက်ချိန်မှာ မည်သည့်ပစ္စည်းမှ မရှိဘဲ ဒဏ်ရာတွေနဲ့ ချိုင်းထောက်ကိုသာ အားပြုနေရတဲ့ အခြေအနေမှာ ဒေသခံတစ်ဦးက ကူညီပေးခဲ့တာကြောင့် လူမှုကူညီရေးအသင်းရုံးကို ရောက်ရှိခဲ့ပါတယ်။
အဆိုပါအသင်းက အခြေအနေကို လူမှုကွန်ရက်မှာ မျှဝေပြီးနောက် မိသားစုနဲ့ ပြန်လည်ဆက်သွယ်နိုင်ခဲ့ပြီး ဧပြီ ၃ ရက်မှာ မူဆယ်ကနေ မြစ်ကြီးနားကို အခမဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အမျိုးသမီးဟာ မိဘနဲ့ ဆွေမျိုးတွေထံ ပြန်လည်ရောက်ရှိပြီး လိုအပ်တဲ့ ဆေးကုသမှုတွေကို ဆက်လက်ခံယူနေပါတယ်။


