၄ ဩဂုတ် ၂၀၂၆ | New Day Myanmar
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ Grade-8 ကျောင်းသားတစ်ဦး ဓားထိုးလုယက်ခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ဒေသတွင်း ဧရာဝတီကရုဏာ လူမှုကယ်ဆယ်ရေးအသင်းဆီက သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ ဒီနေ့ ဩဂုတ် ၄ ရက် နေ့လယ်ပိုင်းက ကျွန်းပင်သာရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အ.လ.က (၈) မှ Grade-8 ကျောင်းသား မောင်ခန့်သူဟိန်းဟာ ကျောင်းကနေ ဆိုင်ကယ်စီးပြီး အိမ်ကို ထမင်းစားပြန်လာချိန် ဓားထိုးလုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဉ်အရ ကျောင်းသားကို အနောက်ကနေ ဆိုင်ကယ်နဲ့ လိုက်လာသူတွေက ဓားနဲ့ထိုးပြီး လုယက်ခဲ့တာဖြစ်ကာ လက်ဖျံ၊ ဂုတ်၊ ပါးနဲ့ ခေါင်းတို့မှာ ထိုးသွင်းဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“လောလောဆယ်တော့ အခြေအနေသက်သာပါတယ်။ ဒဏ်ရာကြောင့် ကလေးကို ဆရာဝန်တွေ စောင့်ကြည့်နေပါတယ်။ လက်ဖျံမှာ ဓားထိုးသွင်းဒဏ်ရာ သုံးချက်ရထားပြီး ဒဏ်ရာက တော်တော်နက်တယ်။ တခြားနေရာတွေမှာလည်း ဒဏ်ရာရထားတယ်။ ကလေးက ကျူးလွန်သူကို သိတယ်လို့ ပြောတယ်။ ဒါပေမယ့် ကျောင်းတော့ မတူဘူး။ အခု လုပ်တဲ့သူတွေကို စုံစမ်းနေဆဲပါ” လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒဏ်ရာကြောင့် သွေးထွက်လွန်နေတဲ့အတွက် အေးသုခဆေးရုံကို ဦးစွာပို့ဆောင်ကုသခဲ့ပြီး၊ နေ့လယ် ၁ နာရီ ၅ မိနစ်ခန့်မှာ ဧရာဝတီကရုဏာ (အခမဲ့) လူမှုကူညီရေးအသင်းက မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ လူနာဟာ မြစ်ကြီးနားပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

