Homeနိုင်ငံတကာသတင်းမြန်မာနဲ့ ချိန်ဆညှိနှိုင်းဆက်ဆံရေး ပြန်စဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

မြန်မာနဲ့ ချိန်ဆညှိနှိုင်းဆက်ဆံရေး ပြန်စဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ဩဂုတ် ၄၊ ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံနဲ့ ဆွေးနွေးမှုတွေ ဆက်လက်ဖွင့်ထားပြီး လက်တွေ့မြေပြင်အခြေအနေတွေအပေါ် မူတည်တဲ့ ချိန်ဆညှိနှိုင်းဆက်ဆံရေး နည်းလမ်းကို ကျင့်သုံးဖို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကွန်က တိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ဒီနေ့ ဩဂုတ် ၄ ရက် သွားရောက်ရာမှာ အနုတင်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ သူဟာ အာဆီယံအတွင်းရေးမှူးချုပ် ကာအို ကင်ဟွန်းနဲ့ တွေ့ဆုံခဲ့ပြီး မနေ့ကလည်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနဲ့ တွေ့ဆုံခဲ့ပါတယ်။

“ထိုင်းနိုင်ငံက ဆွေးနွေးမှုလမ်းကြောင်း ဆက်လက်ဖွင့်ထားပြီး လက်တွေ့မြေပြင်အခြေအနေတွေကို တုံ့ပြန်နိုင်သလို ခိုင်မာတဲ့တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် အားပေးတဲ့ ချိန်ညှိထိတွေ့ဆက်ဆံရေးနည်းလမ်းကို ထောက်ခံထားပါတယ်” လို့ အနုတင်က ပြောပါတယ်။

အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ဟာ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာမှာ အဓိကမူဘောင်အဖြစ် ဆက်ရှိနေမယ်လို့လည်း သူက ဆိုပါတယ်။ ဘုံသဘောတူညီချက်ထဲမှာ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးတို့ ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်က ဩဂုတ် ၃ ရက်မှာ တွေ့ဆုံခွင့်ရခဲ့တာဟာ ထိုင်းနိုင်ငံ အစဉ်တစိုက် တောင်းဆိုခဲ့တဲ့ ချဉ်းကပ်မှုက လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်ဆိုတာ ပြသတာဖြစ်တယ်လို့ အနုတင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ “ကျန်းမာရေးကောင်းမွန်နေပုံရတယ်” လို့ အနုတင်က ပြောခဲ့ပေမယ့် သူ့ရဲ့ ကျန်းမာရေးအခြေအနေကို လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့က အတည်ပြုထားခြင်း ရှိ၊ မရှိကိုတော့ Reuters သတင်းမှာ မဖော်ပြထားပါဘူး။

အနုတင်ဟာ ဩဂုတ် ၆ ရက်နဲ့ ၇ ရက်မှာ ထိုင်းနိုင်ငံဆီ လာရောက်မယ့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒီတွေ့ဆုံမှုဟာ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံရေးတိုးမြှင့်မှုကြောင့် စစ်တပ်ဦးဆောင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ကို တရားဝင်မှု ပေးအပ်သလို ဖြစ်လာနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

အာဆီယံရဲ့ အဖွဲ့ဝင်နိုင်ငံပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဟာ အရေးကြီးနေဆဲဖြစ်ပေမယ့် အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့ ပျော့ပြောင်းမှုနဲ့ လက်တွေ့ကျမှုတို့နဲ့ တွဲဖက်ကျင့်သုံးရမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့နောက် အာဆီယံက စစ်အုပ်စုရဲ့ ထိပ်တန်းနိုင်ငံရေးကိုယ်စားလှယ်တွေကို အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုကတော့ မြန်မာနိုင်ငံ အာဆီယံအစည်းအဝေးတွေမှာ အပြည့်အဝ ပြန်လည်ပါဝင်နိုင်ဖို့ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ ပြီးခဲ့တဲ့လမှာ ပြောထားပါတယ်။

Related News

Most Read