ဩဂုတ် ၄၊ ၂၀၂၆ | New Day Myanmar
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဒွိုင်လွမ်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ စီးဝင်လာတာကြောင့် ကျေးရွာတွေ၊ နေအိမ်တွေနဲ့ စိုက်ပျိုးမြေတွေ ရေကြီးနေပြီး ဘန်မြစ်ဘေးတစ်လျှောက် နေထိုင်သူတွေကို အရေးပေါ်ပြင်ဆင်ရွှေ့ပြောင်းဖို့ ဒေသအာဏာပိုင်တွေက သတိပေးထားပါတယ်။
ဒီနေ့ ဩဂုတ် ၄ ရက် မနက်အစောပိုင်းက ခွန်မယ်ဘုန်းနဲ့ ဟွိုင်ချာင်းလော့ဒ် ချောင်းတွေက တောင်ကျရေတွေ စီးဝင်လာတာကြောင့် ချို့ခ်ချိုင်ကျေးရွာအုပ်စုအတွင်းက ဘန်ဒွန်ငမ်ကျေးရွာ အမှတ် (၄) နဲ့ ဘန်မိုင်ဒွန်ငမ်ကျေးရွာ အမှတ် (၁၁) က နေအိမ်တွေ ရေဝင်ခဲ့ပါတယ်။
ဒွိုင်လွမ်မြို့နယ် အာဏာပိုင်တွေက ဘန်မြစ်ဘေးတစ်လျှောက် နေထိုင်သူတွေအနေနဲ့ အိမ်သုံးပစ္စည်းတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို အမြင့်နေရာ ရွှေ့ထားဖို့၊ မော်တော်ယာဉ်တွေကို ရေဘေးအန္တရာယ်ရှိတဲ့ နေရာကနေ ဖယ်ရှားထားဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် သက်ကြီးရွယ်အိုတွေ၊ အိပ်ရာထဲလဲနေတဲ့ လူနာတွေ၊ ကလေးငယ်တွေနဲ့ အကူအညီလိုအပ်တဲ့ ထိခိုက်လွယ်အုပ်စုတွေကို လုံခြုံတဲ့နေရာတွေဆီ ကြိုတင်ရွှေ့ပြောင်းထားဖို့လည်း တိုက်တွန်းထားပါတယ်။
မနက် ၈ နာရီဝန်းကျင်မှာ တောင်ကျရေတွေဟာ ဒွိုင်လွမ်–ဝီယန်ချင်းရုန်းလမ်း၊ ဘန်မယ်ရိယပ်ကျေးရွာအနီးနဲ့ ချို့ခ်ချိုင်လမ်းဆုံတို့ကို ရေဖုံးလွှမ်းခဲ့တာကြောင့် သွားလာရေးခက်ခဲခဲ့ပြီး အနီးဝန်းကျင်က နေအိမ်တွေနဲ့ စိုက်ပျိုးမြေတွေလည်း ထိခိုက်ခဲ့ပါတယ်။
မနက် ၁၀ နာရီ ၄၀ မိနစ်အထိ ရေပမာဏ အနည်းငယ် ဆက်လက်မြင့်တက်နေပြီး ရေထုဟာ ပေါင်နွိုင်းကျေးရွာအုပ်စု၊ မယ်ဘုန်းတိုင်ဒေသက ထုန်ကွမ်ကျေးရွာနဲ့ ချို့ခ်ချိုင်ကျေးရွာအုပ်စုက ဘန်နောင်ဒန်ကျေးရွာဘက်ကို ဖြတ်သန်းပြီးနောက် ကို့ခ်မြစ်ထဲ စီးဝင်မယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။
ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက သဘာဝဘေးကာကွယ်ရေးဌာန၊ ဒွိုင်လွမ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေကို ထိခိုက်ပျက်စီးမှု စစ်ဆေးပြီး ရေဘေးသင့်ပြည်သူတွေကို အမြန်ဆုံးကူညီပေးဖို့ ညွှန်ကြားထားပါတယ်။
ဒေသခံတွေအနေနဲ့ ရေစီးပြင်းတဲ့ နေရာတွေကို ဖြတ်သန်းမသွားဖို့၊ အာဏာပိုင်တွေရဲ့ သတိပေးချက်တွေကို အနီးကပ်လိုက်နာပြီး ရေမြင့်တက်လာရင် ချက်ချင်းရွှေ့ပြောင်းဖို့ တိုက်တွန်းထားပါတယ်။


