Homeပြည်တွင်းသတင်းထိုင်းက ဈေးရောင်းပွဲတော်မှာ သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွား

ထိုင်းက ဈေးရောင်းပွဲတော်မှာ သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွား

ဩဂုတ် ၁၃၊ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံမှာ ကျောင်းပစ်ခတ်မှုနဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိ ပစ်ခတ်သတ်ဖြတ်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားနေချိန် နခွန်ရတ်ချာစီမာခရိုင်၊ ဒန်ခွန်သက်မြို့နယ်က ဒေသန္တရဈေးရောင်းပွဲတော်တစ်ခုမှာ ရှော့ဂန်းနဲ့ ဓားတွေ အသုံးပြုပြီး တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဖြစ်စဉ်ဟာ ဩဂုတ် ၁၂ ရက် ည ၁၀ နာရီခွဲခန့်က ဒန်ခွန်သက်မြို့နယ်၊ ဖော်ခွန်သက် အထိမ်းအမှတ်ကျောက်တိုင်ရှေ့က “Chim Shop Chai” ပွဲအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်သူတွေက လက်လုပ်ရှော့ဂန်းနဲ့ ဓားတွေ အသုံးပြုခဲ့တယ်လို့ ထိုင်းမီဒီယာ Matichon က ဖော်ပြပါတယ်။

ကနဦးဖြစ်စဉ်မှာ ပွဲတော်အနီး ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးကို ခိုးယူဖို့ ကြိုးစားတယ်လို့ သံသယရှိသူတစ်ဦးကို ဆိုင်ကယ်ပိုင်ရှင်နဲ့ ပွဲစီစဉ်သူတွေက တားဆီးခဲ့ရာကနေ အငြင်းပွားမှု စတင်ခဲ့တာလို့ ဒန်ခွန်သက်ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲဒီနောက် သံသယရှိသူတစ်ဦး ထွက်ပြေးသွားပြီး သူငယ်ချင်းတွေကို ခေါ်လာကာ သေနတ်နဲ့ ဓားတွေ အသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့တာလို့ ကနဦးစစ်ဆေးချက်တွေမှာ ဖော်ပြပါတယ်။

ပစ်ခတ်မှုနဲ့ ဓားနဲ့တိုက်ခိုက်မှုကြောင့် စုစုပေါင်း လူ ၆ ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ အခြေအနေစိုးရိမ်ရဆဲဖြစ်ပါတယ်။ ဒဏ်ရာရသူတွေကို လွမ်ဖိုခွန် ပါရီဆွတ်သို ဒန်ခွန်သက်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်သူတချို့ကို မဟာရတ် နခွန်ရတ်ချာစီမာဆေးရုံကို ထပ်မံလွှဲပြောင်းကုသထားပါတယ်။

ဒန်ခွန်သက်ရဲတပ်ဖွဲ့က အသက် ၃၂ နှစ်အရွယ် နတ်ထကစ် ဆိုသူကို လက်လုပ်သေနတ်တစ်လက်နဲ့အတူ ဖမ်းဆီးထားပြီး ကနဦးစစ်မေးချက်မှာ သူက ပစ်ခတ်ခဲ့တာကို ဝန်ခံထားတယ်လို့ Matichon ရဲ့ နောက်ဆုံးသတင်းမှာ ဖော်ပြပါတယ်။ သူက သူ့သူငယ်ချင်းကို ပွဲစီစဉ်သူတွေက ဖမ်းဆီးထားတာကို ကူညီဖို့ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ထွက်ဆိုထားပါတယ်။

ရဲတပ်ဖွဲ့က သူ့ကို လက်နက်သုံးပြီး လူသတ်ရန်ကြိုးပမ်းမှုမှာ ပူးပေါင်းပါဝင်မှု စွဲချက်နဲ့ အမှုဖွင့်ထားပြီး တခြားထွက်ပြေးနေသူတွေကိုလည်း လိုက်လံရှာဖွေနေပါတယ်။ မှုခင်းဆေးပညာဆိုင်ရာ အထောက်အထားတွေ၊ မျက်မြင်သက်သေတွေနဲ့ CCTV မှတ်တမ်းတွေကိုလည်း ဆက်လက်စစ်ဆေးနေပါတယ်။

အခုဖြစ်စဉ်ဟာ ထိုင်းနိုင်ငံမှာ သေနတ်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေချိန်မှာ ထပ်မံပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဩဂုတ် ၇ ရက်က နွန်သဘူရီခရိုင် Debsirin Nonthaburi ကျောင်းမှာ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးက သူ့အဘိုးအဘွား ၂ ဦးကို အရင်ပစ်သတ်ပြီးနောက် ကျောင်းကို သွားရောက်ပစ်ခတ်ခဲ့တာကြောင့် ကျောင်းဝန်ထမ်းတွေအပါအဝင် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပြီး တိုက်ခိုက်သူကိုယ်တိုင်လည်း နောက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။ လူ ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနောက် သုံးရက်အကြာမှာပဲ နွန်သဘူရီက အစိုးရရုံးတစ်ခုမှာ လွှတ်တော်အမတ်ဟောင်းတစ်ဦးနဲ့ ဆက်စပ်တဲ့ ပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တွေကြောင့် ထိုင်းအစိုးရက သေနတ်ထိန်းချုပ်ရေး စည်းမျဉ်းတွေကို အရေးပေါ်ပြန်လည်သုံးသပ်ဖို့၊ သေနတ်ဝယ်ယူခွင့်ပါမစ်အသစ် ထုတ်ပေးတာကို ရပ်ဆိုင်းဖို့နဲ့ တရားမဝင်သေနတ်တွေကို နှိမ်နင်းဖို့ ညွှန်ကြားထားပါတယ်။

ထိုင်းနိုင်ငံဟာ အာရှဒေသမှာ အရပ်သားသေနတ်ကိုင်ဆောင်မှုနှုန်း မြင့်မားတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် သေနတ်ကိုင်ဆောင်မှု၊ သိုလှောင်မှုနဲ့ လိုင်စင်စနစ်ကို ပိုတင်းကျပ်ဖို့ တောင်းဆိုမှုတွေ ပြန်လည်မြင့်တက်လာနေပါတယ်။

Related News

Most Read