၂ ဩဂုတ် ၂၀၂၆ | New Day Myanmar
ပါကစ္စတန်နဲ့ မြန်မာနိုင်ငံဆီ ပို့ဆောင်ခံရမယ်လို့ သံသယရှိတဲ့ ဖိလစ်ပိုင်အမျိုးသမီးနှစ်ဦးကို နိုင်ငံကူးထွက်ခွာခါနီးမှာ ကယ်တင်နိုင်ခဲ့တယ်လို့ ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဌာန (BI) က ထုတ်ပြန်ပါတယ်။
အမျိုးသမီးနှစ်ဦးဟာ လူကုန်ကူးဂိုဏ်းတွေရဲ့ မတူညီတဲ့ အစီအစဉ်တွေနဲ့ ပါကစ္စတန်နဲ့ မြန်မာနိုင်ငံတို့ဆီ ပို့ဆောင်ခံရမယ့်သူတွေဖြစ်နိုင်တယ်လို့ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက သံသယရှိခဲ့တာပါ။
နိုင်ငံခြားခရီးသွားမယ့်အကြောင်းနဲ့ တင်ပြထားတဲ့ အချက်အလက်တွေ မကိုက်ညီတာ၊ ခရီးစဉ်ရည်ရွယ်ချက်နဲ့ နောက်ဆုံးသွားရောက်မယ့်နေရာကို ရှင်းလင်းစွာ မပြောနိုင်တာတွေကြောင့် သူတို့ကို ထပ်ဆင့်စစ်ဆေးခဲ့ရာက လူကုန်ကူးမှုသံသယရှိတဲ့ အခြေအနေတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ကယ်တင်ခဲ့တဲ့ အမျိုးသမီးနှစ်ဦးကို နောက်ထပ်စုံစမ်းစစ်ဆေးပြီး ခေါ်ယူသူတွေနဲ့ ပို့ဆောင်ပေးသူတွေကို အရေးယူနိုင်ရေး ဖိလစ်ပိုင် လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းကောင်စီ (IACAT) ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
ဖိလစ်ပိုင်အာဏာပိုင်တွေဟာ လူမှုကွန်ရက်တွေကနေ လစာကောင်းတဲ့ နိုင်ငံခြားအလုပ်အကိုင်ရမယ်လို့ လိမ်လည်ခေါ်ယူပြီး မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဆီ ပို့ဆောင်တဲ့ လူကုန်ကူးမှုတွေကို မကြာခဏ ဖော်ထုတ်နေရပါတယ်။
မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေဆီ လူကုန်ကူးခံရသူတွေဟာ နိုင်ငံကူးလက်မှတ်သိမ်းဆည်းခံရတာ၊ အွန်လိုင်းလိမ်လည်မှုတွေ အတင်းအဓမ္မလုပ်ခိုင်းခံရတာနဲ့ သတ်မှတ်ထားတဲ့ လုပ်ငန်းပမာဏမပြည့်ရင် ရိုက်နှက်နှိပ်စက်ခံရတာတွေ ကြုံတွေ့နေရတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေက ထွက်ဆိုထားပါတယ်။
ကုလသမဂ္ဂ နိုင်ငံတကာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ကလည်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လူ ၃၀၀,၀၀၀ အထိ လုပ်ကိုင်နေရပြီး အများအပြားဟာ အလုပ်အကိုင်အတုတွေနဲ့ လိမ်လည်ခေါ်ယူခံရသူတွေဖြစ်တယ်လို့ မကြာသေးခင်က သတိပေးထားပါတယ်။
နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်လိုသူတွေအနေနဲ့ လူမှုကွန်ရက်ပေါ်က အလုပ်ခေါ်စာတွေကို အလွယ်တကူမယုံကြည်ဘဲ တရားဝင်အလုပ်အကိုင်ရှာဖွေရေးအဖွဲ့အစည်းတွေနဲ့ အစိုးရဌာနတွေကနေ စိစစ်ဖို့ ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဌာနက တိုက်တွန်းထားပါတယ်။


