Homeအထူးသတင်းမြောက်ကိုရီးယားဆိုင်ရာ လျှို့ဝှက်စစ်ဆင်ရေးသတင်းကြောင့် New York Times သတင်းထောက်ကို ထရမ့်အစိုးရ ဆင့်ခေါ်

မြောက်ကိုရီးယားဆိုင်ရာ လျှို့ဝှက်စစ်ဆင်ရေးသတင်းကြောင့် New York Times သတင်းထောက်ကို ထရမ့်အစိုးရ ဆင့်ခေါ်

၂ ဩဂုတ် ၂၀၂၆ | New Day Myanmar

မြောက်ကိုရီးယားနိုင်ငံမှာ မအောင်မြင်ခဲ့တဲ့ အမေရိကန်ရဲ့ ထိပ်တန်းလျှို့ဝှက်စစ်ဆင်ရေးအကြောင်း ဖော်ထုတ်ရေးသားခဲ့တဲ့ New York Times အလွတ်တန်းသတင်းထောက် မက်သယူးကိုးလ်ကို သတင်းရင်းမြစ်တွေ ဖော်ထုတ်ပေးဖို့ ထရမ့်အစိုးရက တရားဝင်ဆင့်ခေါ်စာ ထုတ်ထားပါတယ်။

ဗာဂျီးနီးယားပြည်နယ်က အစိုးရရှေ့နေတွေဟာ မက်သယူးကိုးလ်ရဲ့ နှစ်နှစ်ကျော်ကြာ သတင်းမှတ်စုတွေ၊ ဆက်သွယ်ခဲ့သူတွေနဲ့ သတင်းရင်းမြစ်ဆိုင်ရာ အချက်အလက်တွေကို ပေးအပ်ဖို့နဲ့ ထွက်ဆိုချက်ပေးဖို့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီမှာ ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။

အရင်က လူသိရှင်ကြားထုတ်ဖော်ထားခြင်းမရှိတဲ့ ဆင့်ခေါ်စာကို FBI အေးဂျင့်တွေက နယူးယောက်ရှိ မက်သယူးကိုးလ်ရဲ့ နေအိမ်ဆီ သွားရောက်ပေးပို့ခဲ့တာဖြစ်ပြီး ဩဂုတ် ၁ ရက်မှာ New York Times က ထုတ်ဖော်ခဲ့ပါတယ်။

အဲဒီဆင့်ခေါ်စာဟာ မက်သယူးကိုးလ်နဲ့ သတင်းထောက် ဒေ့ဗ်ဖိလစ်တို့ ၂၀၂၅ ခုနှစ်မှာ ပူးတွဲရေးသားခဲ့တဲ့ အမေရိကန်ရေတပ် အထူးတပ်ဖွဲ့ SEAL Team Six ရဲ့ မြောက်ကိုရီးယားစစ်ဆင်ရေးဆိုင်ရာ သတင်းနဲ့ ဆက်စပ်နေတာပါ။

သတင်းမှာ ၂၀၁၉ ခုနှစ်အစောပိုင်းက SEAL Team Six ဟာ မြောက်ကိုရီးယားကမ်းရိုးတန်းအနီး ဆက်သွယ်ရေးစကားပြောဆိုမှုတွေကို ခိုးနားထောင်နိုင်မယ့် ကိရိယာတပ်ဆင်ဖို့ စစ်ဆင်ရေးလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်း အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေက လက်နက်မဲ့ မြောက်ကိုရီးယားအရပ်သားအများအပြားကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် ၂၄ ဦးကို ကိုးကားပြီး New York Times က ဖော်ထုတ်ခဲ့တာပါ။

အမေရိကန်တရားရေးဝန်ကြီးဌာနက မက်သယူးကိုးလ်ရဲ့အမှုကို တိုက်ရိုက်ဖြေကြားခြင်းမရှိပေမယ့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေကို တရားမဝင်ထုတ်ဖော်သူတွေ ရှာဖွေဖော်ထုတ်ဖို့ ရရှိနိုင်တဲ့ ဥပဒေနည်းလမ်းအားလုံး အသုံးပြုမယ်လို့ ပြောပါတယ်။

New York Times ကတော့ ဆင့်ခေါ်စာဟာ ပြည်သူတွေ သိသင့်တဲ့ အရေးကြီးအချက်အလက်တွေ မသိရှိနိုင်အောင် ထရမ့်အစိုးရက သတင်းလွတ်လပ်ခွင့်အပေါ် ပြောင်ပြောင်တင်းတင်းနဲ့ ဥပဒေမဲ့တိုက်ခိုက်မှုတခုဖြစ်တယ်လို့ ဝေဖန်ပါတယ်။ မက်သယူးကိုးလ်ရဲ့ ဥပဒေရေးရာကုန်ကျစရိတ်တွေကိုလည်း သတင်းဌာနက ကျခံပေးနေပါတယ်။

“သူ့ကို ခြိမ်းခြောက်ပြီး ဒီအရေးကြီးတဲ့လုပ်ငန်း မဆောင်ရွက်နိုင်အောင် တားဆီးလို့ရမှာ မဟုတ်ပါဘူး။ သူဟာ သတင်းလွတ်လပ်ခွင့်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက်ပါ အခွင့်အရေးတွေကို ကာကွယ်ပြီး သတင်းရင်းမြစ်တွေကို ကာကွယ်မယ်ဆိုတဲ့ ကတိအတိုင်း ဆက်လက်ရပ်တည်သွားမှာပါ” လို့ မက်သယူးကိုးလ်ရဲ့ ရှေ့နေ ဒေးဗစ်အိုနေးလ်က ပြောပါတယ်။

ထရမ့်အစိုးရဟာ မကြာသေးခင်ကလည်း Air Force One လေယာဉ်လုံခြုံရေးဆိုင်ရာ သတင်းဖော်ပြမှုနဲ့ပတ်သက်ပြီး New York Times သတင်းထောက်တွေကို ဆင့်ခေါ်ခဲ့သလို သူတို့နဲ့ မိသားစုဝင်တချို့ရဲ့ ဖုန်းမှတ်တမ်းတွေ ရယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ တရားသူကြီးက သတင်းထောက်တွေကို ဆင့်ခေါ်ရာမှာ လိုက်နာရမယ့် ဥပဒေလုပ်ထုံးလုပ်နည်းတွေကို အစိုးရရှေ့နေတွေ လိုက်နာခဲ့ခြင်းရှိ၊ မရှိ မေးခွန်းထုတ်ခဲ့ပြီးနောက် အဲဒီဆင့်ခေါ်စာတွေကို ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။

ထရမ့်ကတော့ အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုဟာ သတင်းထောက်တွေကို ပစ်မှတ်ထားတာမဟုတ်ဘဲ လျှို့ဝှက်အချက်အလက်ပေးသူတွေကို ရှာဖွေတာဖြစ်တယ်လို့ ပြောထားပါတယ်။

Related News

Most Read