၂၇ ဇွန် ၂၀၂၆ | New Day Myanmar
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်နိုင်ငံအထိ ဆက်သွယ်မယ့် ဒေသတွင်းစီးပွားရေးစင်္ကြံတစ်ခု တည်ဆောက်ဖို့ တရုတ်နိုင်ငံက အဆိုပြုလိုက်ပါတယ်။
ဒီအဆိုပြုချက်ကို ဇွန်လ ၂၆ ရက်က ဘေဂျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးမှာ ပြုလုပ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ် ရာမန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ တွေ့ဆုံပွဲမှာ တင်ပြခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
တွေ့ဆုံပွဲအပြီး ဘေဂျင်းမြို့ ဒိုင်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မာဒီ အာမင်က အခုလို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ဒေသတွင်းဆက်သွယ်ရေး၊ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေ ပိုမိုခိုင်မာလာရေးကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်–မြန်မာ–တရုတ် စီးပွားရေးစင်္ကြံ တည်ဆောက်ရေးအဆိုပြုချက် ပေါ်ပေါက်လာတာလို့ မာဒီ အာမင်က ဆိုပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက စစ်တကောင်းဆိပ်ကမ်းကို ခေတ်မီအောင် ပြုပြင်ပြီး ဒေသတွင်းကုန်စည်လွှဲပြောင်းပို့ဆောင်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေး အချက်အချာနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးလာအောင် ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်းလည်း ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံက မုန်ဂလာဆိပ်ကမ်းရဲ့ ကုန်စည်ကိုင်တွယ်နိုင်စွမ်း မြှင့်တင်ဖို့၊ ဆိပ်ကမ်းအဆောက်အအုံတွေ ခေတ်မီအောင် ပြုပြင်ဖို့နဲ့ ဝန်ဆောင်မှုပိုကောင်းပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ဆိပ်ကမ်းတစ်ခု ဖြစ်လာအောင် ကူညီဖို့လည်း စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အအုံ၊ ဒေသတွင်းဆက်သွယ်ရေးနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာလာရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
စီးပွားရေးစင်္ကြံရဲ့ လမ်းကြောင်းအသေးစိတ်၊ တည်ဆောက်ရေးကုန်ကျစရိတ်၊ ဘယ်သူက ငွေကြေးထောက်ပံ့မယ်ဆိုတာနဲ့ စတင်အကောင်အထည်ဖော်မယ့် အချိန်ကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။


