၁၃ ဇူလိုင် ၂၀၂၆ | New Day Myanmar
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသကို မြန်မာနိုင်ငံဘက်ကနေ တင်သွင်းလာတဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရာမှာ လူကုန်ကူးဂိုဏ်းတွေက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ပိုမိုအသုံးချလာနေတယ်လို့ အိန္ဒိယအာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ အာသံပြည်နယ်ဝန်ကြီးချုပ် ဟီမန်တာ ဘစ်စ်ဝါ ဆာမာ (Himanta Biswa Sarma) က မြန်မာနိုင်ငံကနေ ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေဟာ အာသံပြည်နယ်ကို ဖြတ်သန်းပြီး အိန္ဒိယနိုင်ငံရဲ့ အခြားဒေသတွေဆီ ပို့ဆောင်နေကြောင်း၊ လူကုန်ကူးကွန်ရက်တွေဟာ သံသယနည်းစေဖို့ အမျိုးသမီးတွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို သယ်ဆောင်သူ (courier) အဖြစ် အသုံးပြုလာနေတယ်လို့ ပြောကြားခဲ့ပါတယ်။
အာသံ၊ မဏိပူရ်၊ မီဇိုရမ်နဲ့ အနောက်ဘင်္ဂလားပြည်နယ်တို့ကြား မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ လမ်းကြောင်းတွေကို ခြေရာခံနိုင်ဖို့ လက်ရှိမှာ ပြည်နယ်ချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်လာနေတယ်လို့လည်း ၎င်းက ဆိုပါတယ်။
အိန္ဒိယအာဏာပိုင်တွေဟာ မြန်မာနိုင်ငံနယ်စပ်ကနေ ဝင်ရောက်လာတဲ့ ဘိန်းဖြူ၊ မက်သမ်ဖက်တမင်း (Methamphetamine) အပါအဝင် မူးယစ်ဆေးဝါးတင်ပို့မှုတွေကို အရှိန်မြှင့်နှိမ်နင်းနေပြီး၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးကွန်ရက်တွေကို ဖော်ထုတ်နိုင်ဖို့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်နေပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်းဒေသဟာ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ကို ချိတ်ဆက်ထားတဲ့ “ရွှေတြိဂံဒေသ (Golden Triangle)” နဲ့ နီးကပ်တဲ့အတွက် မူးယစ်ဆေးဝါးမှောင်ခိုလမ်းကြောင်းအဖြစ် ကာလရှည်အသုံးပြုခံနေရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။


