၄ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စုမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တဦးကို သတ်ဖြတ်ပြီး နားကပ်ချွတ်ယူကာ အလောင်းကို စောင်နဲ့ပတ်ပြီး ဆာလာအိတ်ထဲထည့်ကာ စွန့်ပစ်ခဲ့တဲ့အမှု ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူဟာ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာ၊ ဓနသိဒ္ဓလမ်းမှာ နေထိုင်တဲ့ အသက် ၅ နှစ်အရွယ် KG ကျောင်းသူ မသော်တာစိုင်း ဖြစ်ပါတယ်။
ကလေးငယ်ဟာ ဇူလိုင် ၃ ရက် မနက် ၈ နာရီကျော်က နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး မနက် ၉ နာရီမှာ ကျောင်းသွားဖို့ အဖွားဖြစ်သူက ပြင်ဆင်ပေးနေချိန် ပျောက်ဆုံးနေတာ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ကလေးငယ်ရဲ့ ဖခင်နဲ့ မိခင်တို့က ကျေးရွာအတွင်း လိုက်လံရှာဖွေခဲ့ပေမယ့် မတွေ့ရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီနေ့ ည ၉ နာရီဝန်းကျင်မှာ မိဘတွေ၊ ရပ်ကျေးရုံးအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ လိုက်လံရှာဖွေရာ တူးချောင်းကျေးရွာ၊ ဦးကံမြင့်လမ်းဘေးက အမှိုက်ပုံမှာ စောင်နဲ့ပတ်ထားတဲ့ အထုပ်တထုပ်ကို တွေ့ရှိခဲ့ပါတယ်။
အထုပ်ကို စစ်ဆေးကြည့်ရာ ကလေးငယ် မသော်တာစိုင်းရဲ့ ရုပ်အလောင်းကို ခြုံစောင်နဲ့ပတ်ပြီး ဆာလာအိတ်အတွင်း ထည့်ကာ စွန့်ပစ်ထားတာ တွေ့ရှိခဲ့တာပါ။
“ဓနသိဒ္ဓလမ်း၊ တူးချောင်းကျေးရွာ၊ ထန်းတပင်မြို့နယ်နေ ကလေးက အသက် ၅ နှစ် မသော်တာစိုင်းပါ။ KG တက်နေတာပါ။ မနက် ၉ နာရီ ကျောင်းသွားဖို့ အဖွားလုပ်သူက ပြင်ဆင်ပေးနေချိန်မှာ ပျောက်ဆုံးသွားတာ။ ည ၉ နာရီဝန်းကျင်မှာ မိဘတွေနဲ့ ရပ်ကျေးရုံးအဖွဲ့ဝင်တွေက စောင်နဲ့ပတ်ထားတဲ့ အထုပ်ကို ရှာတွေ့တယ်” လို့ ရုပ်အလောင်း သယ်ဆောင်ပေးခဲ့တဲ့ ခွန်အားသစ်လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။
ကလေးငယ်ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရသလို ကလေးငယ်ရဲ့ နားမှာ တပ်ထားတဲ့ နားကပ်တွေကို ဆွဲဖြုတ်ယူထားတာကြောင့် နားရွက်ပြတ်လုနီးပါး ဒဏ်ရာရထားပြီး ရင်ဘတ်မှာလည်း အညိုအမည်းဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ ခွန်အားသစ်လူမှုကူညီရေးအသင်းက ပြောပါတယ်။
ကလေးငယ်ကို တွေ့ရှိချိန်မှာ သေဆုံးနေပြီဖြစ်ပြီး ရုပ်အလောင်းကို ခွန်အားသစ်လူမှုကူညီရေးအသင်းက လှိုင်သာယာ ရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်။
ရုပ်အလောင်းကို လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ရဲဆေးစာနဲ့ ပို့ဆောင်ထားပြီး သေဆုံးရတဲ့အကြောင်းရင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု ရှိ၊ မရှိကို ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဒီလူသတ်မှုကို ထန်းတပင်ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်သူတွေကို လိုက်လံရှာဖွေနေတယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။


