Homeပြည်တွင်းသတင်းရန်ကုန်ဘူတာကြီးမှာ သုံးနှစ်ကျော်ကြာ မိဘနဲ့ကွဲကွာခဲ့တဲ့ ကလေးငယ် မိသားစုထံ ပြန်အပ်နိုင်

ရန်ကုန်ဘူတာကြီးမှာ သုံးနှစ်ကျော်ကြာ မိဘနဲ့ကွဲကွာခဲ့တဲ့ ကလေးငယ် မိသားစုထံ ပြန်အပ်နိုင်

၁၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်ဘူတာကြီးမှာ ပြီးခဲ့တဲ့ သုံးနှစ်ကျော်က မိဘနဲ့ ကွဲကွာပြီး ပျောက်ဆုံးသွားခဲ့တဲ့ ကလေးငယ်တဦးကို ရန်ကုန်မြို့မှာ ပြန်လည်ရှာတွေ့ခဲ့ပြီး မနေ့က မရမ်းကုန်းရဲစခန်းကတဆင့် မော်လမြိုင်မှာနေထိုင်တဲ့ မိသားစုဝင်တွေဆီ ပြန်လည်အပ်နှံနိုင်ခဲ့တယ်လို့ ကူညီရှာဖွေပေးခဲ့သူတွေဆီက သိရပါတယ်။

ကလေးငယ်ဟာ မောင်အောင်မင်းခန့်ဖြစ်ပြီး မိဘတွေဟာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ နောင်လုံကျေးရွာက ဖြစ်တယ်လို့ သိရပါတယ်။

မောင်အောင်မင်းခန့်ဟာ ၂၀၂၃ ခုနှစ်က အသက် ၆ နှစ်အရွယ်မှာ ရန်ကုန်ဘူတာကြီးမှာ မိဘတွေနဲ့ ကွဲကွာပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး သုံးနှစ်ကျော်အကြာမှာမှ ပြန်လည်ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒီနေ့ မရမ်းကုန်းရဲစခန်းမှာ ကလေးကို သူ့ဖခင်အရင်းလက်ထဲ ထည့်ပေးခဲ့ပါတယ်။ ကလေးက ရန်ကုန်ဘူတာကြီးမှာ ပျောက်သွားတာ သုံးနှစ်ကျော်ပါပြီ။ သူ့မိဘအရင်းက မော်လမြိုင်၊ နောင်လုံရွာကပါ။ မိတ်ဆွေအားလုံးကူညီပြီး ဝိုင်း Share ပေးကြလို့လည်း တွေ့တာမြန်တာပါ” လို့ ကလေးငယ်ကို ပြန်လည်ရှာဖွေရာမှာ ကူညီပေးခဲ့တဲ့ ပရဟိတအဖွဲ့ဝင်တဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ကလေးငယ်ဟာ မိဘနဲ့ကွဲကွာခဲ့တဲ့ သုံးနှစ်ကျော်အတွင်း ရန်ကုန်မြို့အနှံ့ ခြေဦးတည့်ရာ လျှောက်သွားနေခဲ့ရပြီး ကူညီစောင့်ရှောက်ပေးသူတွေနဲ့ ကြုံခဲ့ရသလို ကိုယ်ကျိုးရှာသူတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

မောင်အောင်မင်းခန့်ကို ပြန်လည်ရှာဖွေရာမှာ အဖြူရောင်ကမ်းလက်ပရဟိတအဖွဲ့၊ MSDK ပရဟိတအဖွဲ့နဲ့ ဟာသိုင်းမိဘမဲ့ဂေဟာတာဝန်ခံတို့က ပူးပေါင်းကူညီခဲ့တာ ဖြစ်ပါတယ်။

ကလေးငယ်ကို မိသားစုထံ ပြန်လည်အပ်နှံနိုင်ခဲ့တာဟာ ပရဟိတအဖွဲ့တွေ၊ လူမှုကွန်ရက်သုံးစွဲသူတွေနဲ့ ကူညီရှာဖွေပေးသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်တယ်လို့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။

Related News

Most Read