Homeပြည်တွင်းသတင်းလုပ်ခတောင်းဆိုမှု ဦးဆောင်ခဲ့တဲ့ သမဂ္ဂခေါင်းဆောင်ကို Bontech စက်ရုံက အလုပ်ထုတ်၊ သမဂ္ဂဖြိုခွဲမှုလို့ အလုပ်သမားတွေ ပြော

လုပ်ခတောင်းဆိုမှု ဦးဆောင်ခဲ့တဲ့ သမဂ္ဂခေါင်းဆောင်ကို Bontech စက်ရုံက အလုပ်ထုတ်၊ သမဂ္ဂဖြိုခွဲမှုလို့ အလုပ်သမားတွေ ပြော

၁၁ ဇူလိုင် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ Bontech Manufacturing Co., Ltd စက်ရုံက အလုပ်သမားသမဂ္ဂ EC အဖွဲ့ဝင်တဦးကို စက်ရုံစည်းကမ်း မလိုက်နာခဲ့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်ကနေ ရပ်စဲလိုက်တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများ-မြန်မာ (STUM) က ထုတ်ပြန်ပါတယ်။

စက်ရုံဘက်က ထုတ်ပြန်တဲ့ အကြောင်းကြားစာအရ အဆိုပါ သမဂ္ဂခေါင်းဆောင်ဟာ ဇူလိုင် ၁၀ ရက်က Cutting (ပိတ်ဖြတ်) ဌာနမှာ အလုပ်လုပ်နေချိန် စက်ခလုတ်ကို မှားယွင်းနှိပ်မိခဲ့ပြီးနောက် စက်ရုံရဲ့ စည်းကမ်းအရ အရေးယူမှုကို လိုက်နာဖို့ ငြင်းဆန်ခဲ့တာကြောင့် ဇူလိုင် ၁၁ ရက်ကစပြီး အလုပ်ကနေ ရပ်စဲဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲဒီအလုပ်ရပ်စဲကြောင်း အကြောင်းကြားစာကို စက်ရုံ HR & Admin Manager က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အလုပ်ထုတ်ခံရတဲ့ သမဂ္ဂဘက်ကတော့ အခုလို အရေးယူခံရတာဟာ ဇွန်လ ၂၄ ရက်က လုပ်ခလစာတိုးမြှင့်ပေးရေး တောင်းဆိုမှုကို ဦးဆောင်ခဲ့တဲ့အတွက် အကြောင်းရှာပြီး အလုပ်ထုတ်တာဖြစ်သလို သမဂ္ဂကို ဖြိုခွဲဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့ ပြောပါတယ်။

အလုပ်သမားတွေရဲ့ ပြောဆိုချက်အရ ဇွန်လ ၂၉ ရက်မှာ အလုပ်ရှင်နဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပေမယ့် နောက်တစ်ရက်ဖြစ်တဲ့ ဇွန်လ ၃၀ ရက်မှာတော့ စက်ရုံဘက်က အဲဒီသဘောတူညီချက်ပါ အချက်တချို့ကို ဖောက်ဖျက်ခဲ့တာကြောင့် ရွှေပြည်သာမြို့နယ် အလုပ်သမားညှိနှိုင်းရေးအဖွဲ့ထံ တိုင်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီတိုင်ကြားမှုအပေါ် လက်ရှိအချိန်အထိ သက်ဆိုင်ရာဘက်က ထိရောက်တဲ့ ဖြေရှင်းဆောင်ရွက်မှု မရှိသေးဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

Bontech စက်ရုံမှာ ယခင်ကလည်း သမဂ္ဂဘဏ္ဍာရေးမှူးတဦး အလုပ်ထုတ်ခံခဲ့ရပြီး အဲဒီအမှုကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အပြီးသတ် ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဘူးလို့ STUM က ဆိုပါတယ်။

လက်ရှိ အလုပ်ထုတ်ခံရသူဟာ စက်ရုံသမဂ္ဂ EC အဖွဲ့ဝင်တဦးဖြစ်သလို ရွှေပြည်သာမြို့နယ် အထည်ချုပ်အလုပ်သမားသမဂ္ဂရဲ့ အလုပ်အမှုဆောင်တဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – လုပ်ခလစာတိုးမြှင့်ပေးရေးအတွက် ဆန္ဒထုတ်ဖော်တောင်းဆိုနေတဲ့ Bontech စက်ရုံအလုပ်သမားများ။

ဓာတ်ပုံ – STUM

Related News

Most Read