၃၀ မေ ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မှုဇုန်ရှိ Bontech အထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂဖြိုခွဲမှုနဲ့ပတ်သက်ပြီး အမှုပေါင်း ၁၃ မှု တိုင်ကြားထားပေမယ့် အရေးယူဆောင်ရွက်မှု မရှိသေးတာကြောင့် သမဂ္ဂဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်တွေ ဆက်တိုက် အလုပ်ထုတ်ခံနေရတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) က ပြောပါတယ်။
STUM ရဲ့ ထုတ်ပြန်ချက်အရ မေလ ၂၉ ရက်နေ့မှာ စက်ရုံဘက်က သမဂ္ဂဥက္ကဋ္ဌကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် (EC) ပါ စည်းကမ်းချက်တွေကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်မှ ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ Bontech စက်ရုံဟာ သမဂ္ဂအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ဆက်တိုက် အလုပ်ထုတ်ပယ်နေတာဖြစ်ပြီး ဧပြီလအတွင်း သမဂ္ဂအတွင်းရေးမှူး၊ မေလ ၂၇ ရက်နေ့မှာ သမဂ္ဂဘဏ္ဍာရေးမှူးနဲ့ မေလ ၂၉ ရက်နေ့မှာ သမဂ္ဂဥက္ကဋ္ဌတို့ကို အသီးသီး အလုပ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
STUM ရဲ့ အဆိုအရ Bontech စက်ရုံဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းကလည်း သမဂ္ဂအလုပ်အမှုဆောင် (EC) အဖွဲ့ဝင်တွေနဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်တွေကို အလုပ်ထုတ်ပယ်ခဲ့ဖူးပြီး ယခုဖြစ်စဉ်ဟာ စက်ရုံအတွင်း ဒုတိယအကြိမ်မြောက် သမဂ္ဂဖြိုခွဲမှု (Union Busting) ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သမဂ္ဂဘက်က စက်ရုံကို EC စာချုပ်ပါ စည်းကမ်းချက်များ ချိုးဖောက်မှု၊ သမဂ္ဂအဖွဲ့အစည်းကို စနစ်တကျဖြိုခွဲမှုနဲ့ လုပ်ခလစာကျန်ငွေများ ပေးချေရန် ပျက်ကွက်မှုတို့အပါအဝင် အမှုပေါင်း ၁၃ မှုနဲ့ တိုင်ကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ တိုင်ကြားမှုတွေကို စက်ရုံတာဝန်ရှိသူတွေဘက်က ဖြေရှင်းပေးခြင်းမရှိဘဲ တစ်နှစ်ကျော်ကြာ အချိန်ဆွဲထားတယ်လို့ STUM က ပြောဆိုထားပြီး လက်ရှိ အလုပ်ထုတ်ခံရမှုတွေဟာ အဲဒီလို အချိန်ကြန့်ကြာမှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
Bontech စက်ရုံဟာ Delta Plus၊ Vizweller နဲ့ Singer အပါအဝင် နိုင်ငံတကာအမှတ်တံဆိပ်တွေအတွက် ထုတ်လုပ်ချုပ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်ပါတယ်။ အဆိုပါ အမှတ်တံဆိပ်တွေဟာ ၎င်းတို့ရဲ့ ထုတ်လုပ်မှုကွင်းဆက်အတွင်း အလုပ်သမားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ကတိပြုထားကြပေမယ့် လက်ရှိစက်ရုံအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ STUM က ပြောဆိုထားပါတယ်။


