၁ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ Bontech စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ အလုပ်သမားတွေ တောင်းဆိုခဲ့တဲ့ကိစ္စမှာ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဖက်အကြား ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့ပြီးနောက် တောင်းဆိုမှုမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတွေဟာ ဇွန် ၃၀ ရက်ကစပြီး လုပ်ငန်းခွင်ကို ပုံမှန်အတိုင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်နေကြပြီလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) က ထုတ်ပြန်ပါတယ်။
ညှိနှိုင်းမှုရလဒ်ကို အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေက နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုး အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Bontech စက်ရုံမှာ အခြေခံအလုပ်သမားသမဂ္ဂ (Bontech Union) ဖွဲ့စည်းထားပေမယ့် အခုလုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုမှုအတွင်း စက်ရုံဘက်က သမဂ္ဂနဲ့ တရားဝင်ညှိနှိုင်းဆွေးနွေးခြင်း မပြုလုပ်ခဲ့တာကြောင့် သမဂ္ဂအနေနဲ့ ညှိနှိုင်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်မရခဲ့ဘူးလို့ STUM က ပြောပါတယ်။
Bontech Union ဟာ ရွှေပြည်သာမြို့နယ် အလုပ်သမားသမဂ္ဂနဲ့ ရန်ကုန်တိုင်းဒေသကြီး အထည်ချုပ်အလုပ်သမားသမဂ္ဂကွန်ရက်ရဲ့ အဖွဲ့ဝင်သမဂ္ဂတစ်ခုဖြစ်ပါတယ်။
သမဂ္ဂဘက်ရဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို အမှန်တကယ် လေးစားလိုက်နာမယ်ဆိုရင် အလုပ်သမားတွေရဲ့ စုပေါင်းတောင်းဆိုခွင့်ကို ခြိမ်းခြောက်တာ၊ ဟန့်တားတာ၊ နှောင့်ယှက်တာတွေ မပြုလုပ်သင့်ဘူးလို့ STUM က တုံ့ပြန်ထားပါတယ်။
အဲဒီလို လုပ်ဆောင်တာတွေဟာ သမဂ္ဂတွေရဲ့ ရပ်တည်ခွင့်နဲ့ လှုပ်ရှားခွင့်ကို ကန့်သတ်ပိတ်ပင်တာနဲ့ မခြားနားဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုတွေအပေါ် ကန့်သတ်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပြီး သမဂ္ဂခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရတာ၊ ဖမ်းဝရမ်းထုတ်ခံရတာနဲ့ တိမ်းရှောင်နေထိုင်ရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ပြည်တွင်း၊ ပြည်ပ အလုပ်သမားအခွင့်အရေးအဖွဲ့တွေကလည်း မြန်မာနိုင်ငံမှာ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နဲ့ စုပေါင်းညှိနှိုင်းတောင်းဆိုခွင့်တွေဟာ အကန့်အသတ်တွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကလည်း မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေအပေါ် ဖိနှိပ်မှုတွေနဲ့ အတင်းအကျပ်လုပ်အားပေးခိုင်းစေမှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇွန်လမှာ ILO က မြန်မာနိုင်ငံအပေါ် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၃) အရ အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာဖိအားတွေလည်း ပိုမိုမြင့်တက်လာခဲ့ပါတယ်။


