၂၂ မတ် ၂၀၂၆ ၊ New Day Myanmar
ပြည်တွင်းသတင်းဌာနတစ်ခုက သတင်းထောက်အမျိုးသမီးတစ်ဦးရဲ့စာမူခ ၅ သိန်းကျော်ကို မပေးတဲ့အပေါ် အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)က ဖြေရှင်းပေးသွားမယ်လို့ သိရပါတယ်။
အဲ့ဒီ သတင်းထောက်အမျိုးသမီးဟာ Work from Home လုပ်ကိုင်နေသူဖြစ်ပြီး၊ သူမရရှိမယ့် လုပ်အားခ (စာမူခ)ကို အချိန်ကြာမြင့်တဲ့အထိ မရရှိသေးတာကြောင့် STUM ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
သတင်းထောက်အမျိုးသမီးဟာ သူမရဲ့လုပ်အားခရရှိဖို့အတွက် အလုပ်သမားရေးဆောင်ရွက်ပေးသူအချို့နဲ့ ညှိနှိုင်းခဲ့ပေမယ့် အလုပ်ရှင်ဘက်က “ငွေကြေးမရှိပါ”ဆိုတဲ့ အကြောင်းပြချက်နဲ့ ပေးချေဖို့ပျက်ကွက်နေတာဖြစ်တယ်လို့ သိရပါတယ်။
“ကိုယ့်လုပ်အားခမို့လို့ ငါးသိန်းမပြောနဲ့၊ ၅၀၀ တောင် ကိုယ်လိုချင်မိတာ၊ တောင်းဆိုမိတာမလွန်ဘူးလို့ထင်ပါတယ် အလုပ်ရှင်ဘက်ကလည်း အလိုက်တသိနဲ့ ပြန်ပေးစေချင်တယ်။ မရမချင်းတော့ နည်းလမ်းမျိုးစုံနဲ့ ဆက်တောင်းသွားမှာပါ”လို့ အဲ့ဒီ သတင်းထောက်က ပြောပါတယ်။
ဒီအပေါ်မှာ STUM အနေနဲ့ သတင်းထောက်အမျိုးသမီးနေထိုင်တဲ့နေရာကို သွားရောက်ခဲ့ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ အချက်အလက်တွေကို စိစစ်အတည်ပြု ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီ သတင်းဌာနဟာ ရွှေတြိဂံအမည်နဲ့ အွန်လိုင်း Page ဖြစ်ပြီး တည်ထောင်ထားသူဟာ စစ်ကော်မရှင်ပြုလုပ်တဲ့ရွေးကောက်ပွဲမှာ ကိုယ်စားလောင်းအဖြစ်ဝင်ရွေးခဲ့ရာမှာ ရှုံးနိမ့်ထားသူဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
STUM ဘက်ကလည်းသက်ဆိုင်ရာပါတီအကြီးအကဲတွေဆီကိုဖြစ်စဉ်နဲ့ပတ်သက်လို့တရားဝင် အကြောင်းကြား ဆက်သွယ်သွားမှာဖြစ်သလို ပါတီဘက်က ညှိနှိုင်းဆောင်ရွက်ပေးမှုမရှိတာ၊ ထိရောက်တဲ့ ရလဒ်မထွက်ပေါ်လာရင်တော့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(အလုပ်သမားရုံး) ကို တိုင်ကြားကာ ဥပဒေကြောင်းအရ ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
STUM ဦးဆောင်သူ ဒေါ်မျိုးအေးက
“သူက ၂၀၂၄ ဩဂုတ်လမှာ အလုပ်စဝင်တယ်။ ၂၀၂၅ ဒီဇင်ဘာလမှာ work from home နဲ့ ကော်လံစားလုပ်ပြီးသတင်းရေးပို့ခဲ့တယ်။ အလုပ်ရှင်က ကျန်ရှိတဲ့စာမူခတွေ မပေးဘူးလို့သိရတယ်။ အလုပ်ရှင်က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ပြိုင်ပေမယ့် အရွေးမခံရဘူး။ အခုကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ပါတီအကြီးအကဲကို ဆက်သွယ်နေတယ်။ ဆက်သွယ်လို့မရဘူးဆိုရင် အစိုးရရုံးတွေကနေ ဆက်လုပ်သွားဖို့ရှိတယ်”လို့ဆိုပါတယ်။
လတ်တလော သတင်းထောက်အမျိုးသမီးဟာကျန်းမာရေးအခြေအနေ ဆိုးရွားစွာခံစားနေရပေမယ့် ရပိုင်ခွင့်အတွက် နောက်တွန့်သွားမှာမဟုတ်ဘဲ အလုပ်သမားအဖွဲ့အစည်းတွေရဲ့အကူ အညီနဲ့ တရားမျှတမှု ရရှိတဲ့လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
ဓာတ်ပုံ-STUM
ပုံစာ – STUM မှ ဒေါ်မျိုးမျိုးအေးနဲ့ သတင်းထောက်အမျိုးသမီးတွေ့ဆုံနေစဉ်


