Homeပြည်တွင်းသတင်းပြည်တွင်း စက်သုံးဆီအခက်အခဲကြောင့် ခရီးစဉ်ဖျက်သိမ်းပါက ငွေပြန်အမ်းမယ်လို့ အဝေးပြေးယာဉ်လိုင်းတွေ အသိပေး

ပြည်တွင်း စက်သုံးဆီအခက်အခဲကြောင့် ခရီးစဉ်ဖျက်သိမ်းပါက ငွေပြန်အမ်းမယ်လို့ အဝေးပြေးယာဉ်လိုင်းတွေ အသိပေး

၂၂ မတ် ၂၀၂၆ ၊ New Day Myanmar

ပြည်တွင်းမှာ စက်သုံးဆီဝယ်ယူမှုအခက်အခဲတွေ ဖြစ်ပေါ်နေတာကြောင့် ခရီးစဉ်ဖျက်သိမ်းပါက လက်မှတ်ခကို ငွေပြန်အမ်းမယ်လို့ အဝေးပြေးယာဉ်လိုင်းအချို့က ကြေညာထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးပဋိပက္ခ မြင့်တက်နေပြီး စက်သုံးဆီဝယ်ယူတာတွေ ခက်ခဲနေတာကြောင့် သင်္ကြန်ကာလအတွက် ကြိုတင်လက်မှတ်ဝယ်ယူထားတဲ့သူတွေကို အခုလို အကြောင်းကြားစာနဲ့အတူ ရောင်းချပေးနေတာဖြစ်တယ်လို့ New Day Myanmar က စုံစမ်းသိရှိရပါတယ်။

“ကျွန်တော်တို့ဘက်က အခက်အခဲတစ်ခုကြောင့် မထွက်ဖြစ်ရင် ခရီးသည်ကို လေးလေးစားစား ကြိုတင်အသိပေးတဲ့ သဘောပါ။ အခြားမရှိပါဘူး။ စက်သုံးဆီကိစ္စကြောင့် အသိပေးထားတဲ့ သဘောပါ။ ကားတွေကတော့ ထွက်မယ့်ခရီးစဉ်နဲ့ စက်သုံးဆီကို တွက်ချက်ထားပြီးသားပါ။ ပြဿနာတော့ သိပ်မရှိပါဘူး” လို့ ရန်ကုန်-မန္တလေး ပြေးဆွဲနေတဲ့ အမြန်ယာဉ်လိုင်းတစ်ခုရဲ့ လက်မှတ်အရောင်းဌာနက အမျိုးသားတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ထို့အတူ ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကနေ ရန်ကုန်မြို့အတွင်း ပြေးဆွဲပေးနေတဲ့ တက္ကစီယာဉ်လိုင်းရဲ့ ယာဉ်မောင်းတစ်ဦးကလည်း “ဒါကတော့ ယာဉ်လိုင်းတွေဘက်က အသိပေးထားတဲ့ သဘောပါ။ ဟိုက်ဝေးယာဉ်တွေ နေ့စဉ်အဝင် ညအထွက် ရှိတယ်ဗျ။ အဝေးပြေးယာဉ်တွေမို့ သူတို့က ခရီးစဉ်ကို ချိန်ထားပြီးသား။ လက်မှတ်ဝယ်သူတွေကိုတော့ ဒီလိုပဲ အသိပေးတာမျိုးပါ။ သူတို့ထက် ကျွန်တော်တို့ မြို့တွင်းပြေးဆွဲသူတွေက စက်သုံးဆီပို ခက်ခဲနေတာ” လို့ ဆိုပါတယ်။

စက်သုံးဆီဈေးမြင့်တက်လာတာအပြင် ယာဉ်တွေကို ကန့်သတ်ချက်နဲ့ ရောင်းချပေးနေတာကြောင့် ပြင်ပမှာ စက်သုံးဆီမှောင်ခိုဈေးကွက်တစ်ခုလည်း ရှိနေတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

လတ်တလော မဟာသင်္ကြန်ပိတ်ရက်ရှည်အတွင်း ရန်ကုန်-ချင်းမိုင်၊ ရန်ကုန်-ငွေဆောင်၊ ရန်ကုန်-ချောင်းသာ၊ ရန်ကုန်-ကလော ညအိပ်သွားမယ့် အပန်းဖြေခရီးစဉ်တွေအတွက် အွန်လိုင်းကနေ ခေါ်ယူနေတာတွေလည်း တွေ့မြင်ရပါတယ်။

ရန်ကုန်-မန္တလေး ခရီးစဉ်ဟာ အရင်က ၄၃,၀၀၀ ကျပ်သာရှိခဲ့ရာကနေ အခုအခါ ၆၀,၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး၊ ရန်ကုန်-မြစ်ကြီးနား ခရီးစဉ်အနေနဲ့ အရင်က ၁ သိန်း ၁ သောင်းကျော်ကနေ အခုအခါ ၂ သိန်းခွဲအထိ ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။

အလားတူ လေယာဉ်ဆီ မလုံလောက်တာကြောင့် ပြည်ပခရီးသည်တွေအတွက် ခရီးဆောင်အလေးချိန်ကို မဖြစ်မနေ လျှော့ရသလို မြန်မာနိုင်ငံမှာ Jet A1 လေယာဉ်ဆီ မလုံလောက်မှုပြဿနာရှိနေပြီး အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ဖို့အတွက် အခုလို ကန့်သတ်ချက်တွေကို မဖြစ်မနေ လျှော့ချသတ်မှတ်ရတာဖြစ်တယ်လို့ Myanmar Airways International (MAI) က ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး