Homeပြည်တွင်းသတင်းရန်ကုန်မှာ စက်သုံးဆီတန်းစီနေသူ ယာဉ်မောင်းတွေကို ပရဟိတအဖွဲ့တစ်ခုက ဖျော်ရည် လိုက်လံဝေငှ လှူဒါန်း

ရန်ကုန်မှာ စက်သုံးဆီတန်းစီနေသူ ယာဉ်မောင်းတွေကို ပရဟိတအဖွဲ့တစ်ခုက ဖျော်ရည် လိုက်လံဝေငှ လှူဒါန်း

၂၆ မတ် ၂၀၂၆ ၊ New Day Myanmar

ရန်ကုန်မှာ စက်သုံးဆီတန်းစီနေသူ ယာဉ်မောင်းတွေကို ပရဟိတအဖွဲ့တစ်ခုက ဖျော်ရည် လိုက်လံဝေငှ လှူဒါန်းတာတွေ ရှိနေပါတယ်။

အဲ့ဒီအဖွဲ့ဟာ မရမ်းကုန်းမြို့နယ်အခြေစိုက် ရွှေမေတ္တာလူမှုကူညီရေးအသင်းက ဖြစ်ပြီးတော့ မနေ့က မတ်လ ၂၅ ရက်နေ့ကနေ စတင်ပြီး ဘာလီအချိုရည်နဲ့ ဇီးဖျော်ရည်တွေ လိုက်လံမျှဝေပေးခဲ့ကြတာဖြစ်ပါတယ်။

“နေပူကြီးထဲ သူတို့လည်း ချွေးတွေနဲ့၊ ကိုယ်တွေလည်း ချွေးတွေနဲ့ တကယ့်ကို ပြည်သူကနေ ပြည်သူဆီကိုဆိုတာမျိုး ခံစားရတယ်။ ရှေ့ဆက် ဘာဖြစ်လာလာ ဒီလိုစေတနာတွေနဲ့ကတော့ အားလည်းဖြစ်သလို ကျေးဇူးလည်းတင်ပါတယ်လို့ ပြောချင်တယ်” ဟု ရန်ကုန်နေ တက္ကစီယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

“ကားဆရာတွေက အားရဝမ်းသာ သောက်ကြတာ။ ကျေးဇူးအများကြီးတင်ပါတယ် ညီအကိုတို့ရယ်ဆိုတဲ့ စကားနဲ့တင် ပင်ပန်းသမျှ ရွှင်လန်းပြီး ပြန်ခဲ့ကြတယ်ပေါ့ဗျာ” လို့ အသင်းကလည်း ဆိုထားပါတယ်။

ရန်ကုန်မှာ နေ့အပူရှိန်တွေ မြင့်တက်နေပြီး စက်သုံးဆီမရရင် စားဝတ်နေရေးတွေပါ ထိခိုက်ကုန်တာကြောင့် မဖြစ်မနေ လာရောက်တန်းစီ ဝယ်ယူနေကြရတာဖြစ်ပါတယ်။

ဒီကနေ့ မတ်လ ၂၆ ရက် မွန်းလွဲပိုင်းမှာပဲ မြန်မာတေးသံရှင်တစ်ဦး ဆီတန်းစီနေရာကနေ သတိလစ်ကာ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

ရန်ကုန်မြို့က ယာဉ်ပိုင်ရှင်တွေဟာ တစ်ရက်စာ စက်သုံးဆီရဖို့ မနက်အစောပိုင်းထဲက ထပြီး တန်းစီနေရသလို အဲဒီတန်းစီမှုဟာ ရန်ကုန် နေပူပူအောက်မှာ နေ့ဝက်နီးပါးလောက် တန်းစီဝယ်ယူရတယ်လို့ ဆိုပါတယ်။

“နေကပူ ကားကိုလည်း ရှေ့ကားရွေ့ရင် လိုက်ရွေ့နိုင်အောင်လောက်ပဲ လုပ်ပြီး စက်သတ်ထားရတာ။ ဘာ အဲကွန်းမှလည်း မဖွင့်နိုင်ဘူး။ သုဝဏ္ဏလမ်းဆုံနားက ဆိုင်မှာထည့်ဖို့ တန်းစီတဲ့ကားက သာကေတဘက်အခြမ်း ကျောက်တိုင်အထိကို ကားမဆုံးသေးဘူး။ စက်ဆန်း ၃၆၀ ဆီဆိုင်ဆိုလည်း ဆိုင်ကိုရောက်ဖို့ သာကေတတံတားဘက်ကနေ တကွေ့ကြီး တန်းစီနေရတာ။ သူတို့ပြောသလို တန်းမဆီနဲ့ဆိုရင် အိမ်အထိ လိုက်ထည့်ပေးမှာလား” လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီဈေး မြင့်တက်လာတာအပြင် ပြတ်တောက်လာတာတွေဟာ အိမ်နီးချင်းနိုင်ငံတွေပါမက ကမ္ဘာ့နိုင်ငံတွေကိုပါ ရိုက်ခတ်နေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ – ရွှေမေတ္တာလူမှုကူညီရေးအသင်း

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး