၂၆ မတ် ၂၀၂၆ | New Day Myanmar
ကုလသမဂ္ဂအထွေထွေညီလာခံက အာဖရိကန်လူမျိုးတွေကို ကျွန်ပြုရောင်းဝယ်ခဲ့မှုကို လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံး ရာဇဝတ်မှု အဖြစ် သတ်မှတ်တဲ့ သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပြီး အမေရိကန်အပါအဝင် နိုင်ငံတချို့က ကန့်ကွက်ခဲ့ကြပါတယ်။
အဆိုပါဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံထဲက ၁၂၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး အမေရိကန်၊ အစ္စရေးနဲ့ အာဂျင်တီးနားတို့က ကန့်ကွက်ခဲ့ကြသလို ယူကေနဲ့ ဥရောပနိုင်ငံအများစုက ကြားနေမဲပေးခဲ့ကြပါတယ်
ဒီဆုံးဖြတ်ချက်မှာ အတိတ်က ကျွန်စနစ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက်နစ်နာမှုတွေကို ကုစားဖို့အတွက် နစ်နာကြေးပေးအပ်တာ၊ တရားဝင်တောင်းပန်မှုတွေ ပြုလုပ်တာနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းတွေကို မူရင်းနိုင်ငံတွေကို ပြန်လည်ပေးအပ်တာတွေကို တောင်းဆိုထားပါတယ်။
အမေရိကန်ဘက်ကတော့ ကျွန်စနစ်ကို ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ပေမယ့် ဒီဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ နစ်နာကြေးဆိုင်ရာအချက်တွေဟာ နိုင်ငံတကာဥပဒေနဲ့ မကိုက်ညီနိုင်ဘူးလို့ ဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။ ထို့အပြင် သမိုင်းဝင်ရာဇဝတ်မှုတွေကို အဆင့်လိုက်ခွဲခြားသတ်မှတ်တာဟာ မသင့်တော်ဘူးလို့လည်း ထောက်ပြထားပါတယ်။
ယူကေနဲ့ အချို့အနောက်နိုင်ငံတွေကတော့ အတိတ်နစ်နာကြေးကိစ္စထက် လက်ရှိဖြစ်ပေါ်နေတဲ့ လူကုန်ကူးမှုနဲ့ ခေတ်သစ်ကျွန်စနစ်တွေကို ပိုမိုအာရုံစိုက်သင့်တယ်လို့ ဆိုပြီး ကြားနေမဲပေးခဲ့ကြပါတယ်။
ဒီဆုံးဖြတ်ချက်ကို ဂါနာနိုင်ငံက ဦးဆောင်တင်သွင်းခဲ့တာဖြစ်ပြီး သမိုင်းကို မေ့လျော့မသွားစေဖို့နဲ့ လူမျိုးရေးခွဲခြားမှုတွေကို တိုက်ဖျက်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
သုံးသပ်သူတွေကတော့ ဒီဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ မဖြစ်မနေလိုက်နာရမယ့် ဆုံးဖြတ်ချက်မဟုတ်ပေမယ့် ကမ္ဘာ့သဘောထားကို ပြသတဲ့ နိုင်ငံရေးအရ ကြီးမားတဲ့ အစီအမံတစ်ခုဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ သမိုင်းကြောင်းဆိုင်ရာ တာဝန်ယူမှုအပေါ် ဆက်လက်ဖိအားပေးလာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။


