၁၆ ဇူလိုင် ၂၀၂၆ | New Day Myanmar
အမေရိကန်က အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုတွေကို ထပ်မံတိုးမြှင့်လိုက်ပြီး ဟော်မုဇ်ရေလက်ကြားအနီးမှာ အီရန်ရေနံတင်သင်္ဘောတစီးကို တိုက်ခိုက်ခဲ့သလို အီရန်နိုင်ငံတောင်ပိုင်းရှိ စစ်ရေးပစ်မှတ်တွေကိုလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ကူဝိတ်၊ ဂျော်ဒန်နဲ့ ဘာရိန်းနိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ အီရန်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်စစ်ဘက်ကတော့ အီရန်ရဲ့ ရေကြောင်းစစ်ရေးစွမ်းရည်နဲ့ ဒုံးကျည်စွမ်းရည်ကို ထပ်မံအားလျော့စေဖို့ ရည်ရွယ်ပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တာလို့ ပြောထားပါတယ်။ အီရန်ဘက်ကတော့ အမေရိကန်ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေ ဆက်ရှိနေသရွေ့ ဒေသတွင်းရှိ အမေရိကန်အကျိုးစီးပွားတွေကို ဆက်လက်ပစ်မှတ်ထား တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။
နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ပြန်လည်ပြင်းထန်လာတာကြောင့် အရှေ့အလယ်ပိုင်းဒေသ လုံခြုံရေးအခြေအနေ ပိုမိုတင်းမာလာနေပြီး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတဲ့ ရေနံတင်သင်္ဘောတွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေအပေါ် ထိခိုက်မှုတွေ ပိုမိုဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။


