Homeနိုင်ငံတကာသတင်းအမေရိကန်က အီရန်ကို ၉ ရက်ဆက်တိုက် တိုက်ခိုက်၊ ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘော ၂ စီး ပေါက်ကွဲ

အမေရိကန်က အီရန်ကို ၉ ရက်ဆက်တိုက် တိုက်ခိုက်၊ ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘော ၂ စီး ပေါက်ကွဲ

၂၀ ဇူလိုင် ၂၀၂၆ | New Day Myanmar

အမေရိကန်တပ်ဖွဲ့ဟာ အီရန်နိုင်ငံကို ၉ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး အီရန်ဘက်ကလည်း ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘော ၂ စီး ပေါက်ကွဲကာ ဆက်လက်ခုတ်မောင်းနိုင်ခြင်းမရှိတော့ဘူးလို့ ဒီနေ့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

အမေရိကန်ဗဟိုစစ်ဌာနချုပ်က အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားမှာ ကုန်သွယ်ရေးသင်္ဘောတွေကို တိုက်ခိုက်နိုင်စွမ်း လျော့နည်းသွားစေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်မှုအသစ်တွေ စတင်ခဲ့တာလို့ ဆိုပါတယ်။ အီရန်နိုင်ငံအတွင်းက တာဘရစ်ဇ်၊ ချာဘာဟာ၊ ကိုနာရက်၊ ဘန်ဒါမာရှားနဲ့ ဘန်ဒါအီမမ်ခိုမေနီမြို့တွေမှာ ပေါက်ကွဲမှုတွေကြားခဲ့ရပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကတော့ ဂျော်ဒန်နိုင်ငံ၊ အာကာဘာလေဆိပ်မှာရှိတဲ့ အမေရိကန်စစ်လေယာဉ်တွေ၊ ကူဝိတ်နိုင်ငံက အယ်လ်အဒီရီစခန်းနဲ့ အလီအယ်လ်ဆလမ်လေတပ်စခန်းအပါအဝင် ဆီးရီးယားနိုင်ငံက အမေရိကန်စစ်ဘက်ပိုင်နေရာတွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ကူဝိတ်စစ်တပ်က အီရန်ရဲ့ ဒရုန်းတွေကို ကြားဖြတ်ပစ်ချနေတယ်လို့ ပြောထားပြီး ဘာရိန်းနိုင်ငံမှာလည်း လေကြောင်းအန္တရာယ်သတိပေးဥဩသံတွေ ထွက်ပေါ်ခဲ့ပါတယ်။ ကူဝိတ်နိုင်ငံက ရေချိုထုတ်လုပ်ရေးစက်ရုံတခုဟာ ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရတာကြောင့် မီးလောင်ကျွမ်းခဲ့ပြီး ဒါဟာ အရေးကြီးအရပ်ဘက်အခြေခံအဆောက်အအုံကို တိုက်ရိုက်တိုက်ခိုက်တာဖြစ်တယ်လို့ ကူဝိတ်အစိုးရက ပြောပါတယ်။

ဟော်မုဇ်ရေလက်ကြားက အန္တရာယ်မကင်းတဲ့ တောင်ဘက်ရေလမ်းကြောင်းကို ဖြတ်သန်းဖို့ကြိုးပမ်းတဲ့ ရေနံတင်သင်္ဘော ၂ စီး ပေါက်ကွဲပြီး ရပ်တန့်သွားခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဆိုပါတယ်။ သင်္ဘောအမည်၊ မှတ်ပုံတင်ထားတဲ့နိုင်ငံ၊ သင်္ဘောသားတွေနဲ့ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ ထုတ်ပြန်ခြင်းမရှိသေးသလို ဒီဖြစ်စဉ်ကိုလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေသရွေ့ ဟော်မုဇ်ရေလက်ကြားက ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံဓာတုပစ္စည်းတွေ သယ်ယူဖို့ လုံခြုံမှာမဟုတ်ဘူးလို့ အီရန်က သတိပေးထားပါတယ်။ ဇူလိုင် ၁၉ ရက်မှာ ဒီရေလက်ကြားကို သင်္ဘော ၄ စီးသာ ဖြတ်သန်းခဲ့ပြီး အရင်တရက်က ၈ စီး ဖြတ်သန်းခဲ့တာထက် ထက်ဝက်လျော့ကျသွားပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးအပေါ် စိုးရိမ်မှုမြင့်တက်လာပြီး ဒီနေ့မှာ ရေနံစိမ်းဈေး ၂ ရာခိုင်နှုန်းတက်ကာ တစည်ကို အမေရိကန်ဒေါ်လာ ၉၀ ကျော်အထိ ရောက်ရှိလာပါတယ်။

အီရန်ဒရုန်းတစီးရဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ပစ္စည်းကို အီရတ်မြောက်ပိုင်းမှာ ထိန်းချုပ်ဖောက်ခွဲစဉ် အမေရိကန်စစ်သားတဦး သေဆုံးခဲ့တယ်လို့ အမေရိကန်စစ်တပ်က ဇူလိုင် ၁၉ ရက်မှာ အတည်ပြုပါတယ်။ အခုသေဆုံးမှုအပါအဝင် ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးပြီး ၄၂၀ ကျော် ဒဏ်ရာရရှိထားပါတယ်။

အမေရိကန်နဲ့ အစ္စရေးက အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ထိခိုက်ပျက်စီးစေဖို့ဆိုပြီး ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို စတင်တိုက်ခိုက်ခဲ့တာပါ။ အမေရိကန်နဲ့ အီရန်ကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တခု ရရှိခဲ့ပေမယ့် နှစ်ဖက်စလုံးက သဘောတူညီချက်ချိုးဖောက်တယ်လို့ အပြန်အလှန်စွပ်စွဲပြီးနောက် ပြီးခဲ့တဲ့ ၉ ရက်ကစလို့ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။ စစ်ပွဲကြောင့် အီရန်နဲ့ လက်ဘနွန်နိုင်ငံတွေမှာ အများစုအပါအဝင် လူထောင်နဲ့ချီ သေဆုံးထားပါတယ်။

Related News

Most Read