ဩဂုတ် ၂၆၊ ၂၀၂၆ | New Day Myanmar
စစ်အုပ်စုလက်အောက်ခံ အမျိုးသမီးရေးရာဝန်ကြီးဌာနနဲ့ အမျိုးသမီးတွေရဲ့ အသက်မွေးဝမ်းကျောင်းထောက်ပံ့ရေးနဲ့ ကျား၊ မ အခြေပြုအကြမ်းဖက်မှု ကာကွယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဖို့ သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးမယ် လို့ ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) မြန်မာတာဝန်ရှိသူက ပြောပါတယ်။
UNOPS မြန်မာ ယာယီနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး ပီတာ ဂျွန် ခရော့စ် (Peter John Cross) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဩဂုတ် ၂၆ ရက်မှာ စစ်အုပ်စုလက်အောက်ခံ အမျိုးသမီးရေးရာဝန်ကြီး ဒေါက်တာ သက်သက်ဇင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံချိန်မှာ အမျိုးသမီးနဲ့ အမျိုးသမီးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမျိုးသားမဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ရေးနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စုမီဒီယာက ဖော်ပြပါတယ်။
UNOPS ဘက်ကတော့ မြန်မာနိုင်ငံမှာ ဆောင်ရွက်မယ့် လုပ်ငန်းအစီအစဉ်တွေထဲ အမျိုးသမီးတွေအတွက် အသက်မွေးဝမ်းကျောင်းထောက်ပံ့ရေးနဲ့ ကျား၊ မ အခြေပြုအကြမ်းဖက်မှု ကာကွယ်ရေး၊ အကာအကွယ်ပေးရေး ဝန်ဆောင်မှုတွေ ပါဝင်တာကြောင့် အမျိုးသမီးရေးရာဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးသွားမယ် လို့ ပီတာ ဂျွန် ခရော့စ်က ပြောခဲ့ပါတယ်။
အမျိုးသမီးရေးရာဝန်ကြီး ဒေါက်တာ သက်သက်ဇင်ကလည်း ဝန်ကြီးဌာနဟာ အာဆီယံ အမျိုးသမီးရေးရာဝန်ကြီးများအစည်းအဝေး၊ အာဆီယံ အမျိုးသမီးရေးရာကော်မတီနဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ အဓိကဆက်သွယ်ဆောင်ရွက်တဲ့ ဌာနအဖြစ် တာဝန်ယူထားတယ်လို့ ပြောခဲ့ပါတယ်။
ပီတာ ဂျွန် ခရော့စ်ဟာ ဩဂုတ် ၂၄ ရက်မှာလည်း စစ်အုပ်စုလက်အောက်ခံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်စင်လွင်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ UNOPS အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေနဲ့ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ပါတယ်။
UNOPS ဟာ ပဋိပက္ခနဲ့ မတည်ငြိမ်မှုရှိတဲ့ နိုင်ငံတွေမှာ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းတွေကို အကောင်အထည်ဖော်ပေးတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတခုဖြစ်ပြီး မြန်မာနိုင်ငံကိုလည်း ပဋိပက္ခထိခိုက်မှုရှိတဲ့ လုပ်ငန်းဆောင်ရွက်ရာနိုင်ငံတွေထဲ ထည့်သွင်းဖော်ပြထားပါတယ်။
လက်ရှိထုတ်ပြန်ချက်မှာတော့ UNOPS နဲ့ အမျိုးသမီးရေးရာဝန်ကြီးဌာနကြား လက်မှတ်ရေးထိုးမယ့် သဘောတူညီချက်ရဲ့ ရန်ပုံငွေပမာဏ၊ စီမံကိန်းကာလ၊ အကောင်အထည်ဖော်မယ့် ဒေသနဲ့ လုပ်ငန်းအသေးစိတ်တွေကို မဖော်ပြထားသေးပါဘူး။

