၇ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်းအတွင်း ၂၀၂၆ ခုနှစ် ဧပြီလကနေ ဇွန်လအထိ သုံးလတာကာလအတွင်း အရပ်သား ၁၅၀ နီးပါး ဖမ်းဆီးခံခဲ့ရတယ်လို့ Rangoon Scout Network (RSN) က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ဖမ်းဆီးမှုအများစုဟာ ဧည့်စာရင်းစစ်ဆေးမှု၊ လမ်းပေါ်စစ်ဆေးမှုနဲ့ စစ်မှုထမ်းစုဆောင်းရေး လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေပြီး စစ်မှုထမ်းသင်တန်းအသစ် မစတင်ခင်ကာလတွေမှာ ဖမ်းဆီးမှု ပိုမိုများပြားလေ့ရှိတယ်လို့ ဆိုပါတယ်။
RSN ရဲ့ စာရင်းအရ ဧပြီလမှာ ၃၂ ဦး၊ မေလမှာ ၆၁ ဦးနဲ့ ဇွန်လမှာ ၅၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ဖြစ်စဉ်တွေဟာ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၅ ခုကျော်မှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသားအများစုဟာ စစ်မှုထမ်းစုဆောင်းခံရသူတွေအဖြစ် ပါဝင်သွားတတ်တယ်လို့ သိရပါတယ်။
သုံးလအတွင်း ဖမ်းဆီးခံရသူ ၄၄ ဦးကို စစ်မှုထမ်းသင်တန်း ပို့ဆောင်ခဲ့တယ်လို့ RSN က ဖော်ပြထားပြီး၊ ဧပြီလမှာ ၁၁ ဦး၊ မေလမှာ ၂၀ ဦးနဲ့ ဇွန်လမှာ ၁၃ ဦး ပါဝင်ခဲ့ပါတယ်။
ထို့ပြင် ဧည့်စာရင်းစစ်ဆေးမှု အကြောင်းပြချက်နဲ့ ဖမ်းဆီးခံရသူ စုစုပေါင်း ၃၇ ဦးရှိခဲ့ပြီး၊ ဧပြီလမှာ ၉ ဦး၊ မေလမှာ ၁၁ ဦးနဲ့ ဇွန်လမှာ ၁၇ ဦး ဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းအရ ၂၀၂၅ ခုနှစ် မေလကနေ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ စစ်မှုထမ်းစုဆောင်းခံရသူ ၃၃,၀၉၂ ဦးရှိခဲ့ပြီး၊ အဲဒီအထဲမှာ အဓမ္မဖမ်းဆီးခံရပြီး စစ်တပ်ထဲ ပို့ဆောင်ခံရတဲ့ ဖြစ်စဉ် ၁,၉၄၄ ခုကို မှတ်တမ်းတင်ထားပါတယ်။ အဲဒီစာရင်းအရ ရန်ကုန်တိုင်းက စစ်သင်တန်းပို့ဆောင်ခံရသူ ၂,၃၂၁ ဦး ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။


