Homeပြည်တွင်းသတင်းမြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် လူပျောက်မှုတွေ သိသိသာသာ မြင့်တက်လာ

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် လူပျောက်မှုတွေ သိသိသာသာ မြင့်တက်လာ

၁၄ ဇူလိုင် ၂၀၂၆ | New Day Myanmar

စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်စေပြီးနောက် လူပျောက်ကြေညာစာတွေ သိသိသာသာ မြင့်တက်လာခဲ့ပြီး အတင်းအကျပ် စစ်သားစုဆောင်းရာမှာ ဖမ်းဆီးတာ၊ ခြိမ်းခြောက်အကျပ်ကိုင်တာနဲ့ မိသားစုကို အသိမပေးဘဲ ခေါ်ဆောင်သွားတာတွေ ပိုမိုတွေ့ရှိလာရတယ်လို့ Myanmar Witness က ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်း တိုက်ပွဲတွေကြောင့် လျော့နည်းလာတဲ့ စစ်အင်အားကို ပြန်လည်ဖြည့်တင်းဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်ဝင်စေခဲ့ပါတယ်။

ဥပဒေအရ သတ်မှတ်အသက်အရွယ်ရှိ အမျိုးသားနဲ့ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ခေါ်ယူနိုင်ပေမယ့် လက်တွေ့မှာတော့ တရားဝင်ဆင့်ခေါ်စာပို့တာထက် ဖမ်းဆီးတာ၊ ခြိမ်းခြောက်အကျပ်ကိုင်တာနဲ့ ပျောက်ဆုံးသွားစေတာတွေကနေ စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

Myanmar Witness ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီအထိ Facebook ပေါ်မှာ တင်ထားတဲ့ လူပျောက်ကြေညာစာ ၄၇၇ ခုကို လေ့လာခဲ့ပြီး နှစ်အလိုက် နှိုင်းယှဉ်နိုင်ဖို့ ဇန်နဝါရီလအတွင်း တင်ထားတဲ့ ကြေညာစာတွေကို အဓိက စိစစ်ခဲ့ပါတယ်။ လေ့လာချက်အရ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ လူပျောက်ကြေညာစာ လေးခုသာ ရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှာတော့ ၈၂ ခုအထိ မြင့်တက်လာခဲ့ပါတယ်။

လူပျောက်ဆုံးမှု အများဆုံးမှတ်တမ်းတင်ထားတဲ့ ဒေသက ရန်ကုန်တိုင်းဖြစ်ပြီး ဖြစ်စဉ် ၁၆၃ ခုရှိခဲ့ပါတယ်။ မန္တလေးတိုင်းမှာ ၄၈ ခု၊ ရှမ်းပြည်နယ်မှာ ၃၅ ခုရှိခဲ့ပြီး အများစုဟာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ ပျောက်ဆုံးသူအများစုဟာ စစ်မှုထမ်းအသက်အရွယ်ရှိ အမျိုးသားတွေနဲ့ ယောက်ျားလေးတွေဖြစ်ပြီး ဒါဟာ စစ်မှုထမ်းဥပဒေက သတ်မှတ်ထားတဲ့ အသက်အရွယ်အပိုင်းအခြားနဲ့ ကိုက်ညီနေတယ်လို့ Myanmar Witness က သုံးသပ်ထားပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၅ ခုနှစ် မေလအထိ အိမ်နီးချင်းနိုင်ငံတွေကနေ မြန်မာနိုင်ငံသား ၃,၃၁၃ ဦးခန့် ပြန်လည်ပို့ဆောင်ခံခဲ့ရပြီး အဲဒီအထဲက ၈၄.၄ ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံက ပြန်ပို့ခံရသူတွေဖြစ်ပါတယ်။ လူဦးရေ ၂,၅၀၀ ကျော်ကို မြန်မာအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ ပြန်ပို့ခံရသူတချို့ကို မိသားစုဆီ ပြန်ခွင့်မပေးဘဲ စစ်သင်တန်းတက်ရောက်ဖို့ စစ်တပ်ရင်းတွေဆီ တိုက်ရိုက်ပို့ဆောင်ခဲ့တဲ့ ဖြစ်စဉ်တွေကိုလည်း Myanmar Witness က မှတ်တမ်းတင်ထားပါတယ်။ အစီရင်ခံစာအရ လူပျောက်ကြေညာစာတွေထဲက ပျောက်ဆုံးသူတချို့ကို နောက်ပိုင်းမှာ စစ်တပ်ထိန်းသိမ်းရေးနေရာတွေ ဒါမှမဟုတ် စစ်သင်တန်းကျောင်းတွေမှာ ပြန်လည်တွေ့ရှိခဲ့ရပြီး ဖမ်းဆီးခံရပြီးနောက် အတင်းအကျပ် စစ်သားစုဆောင်းခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကနေ ပြန်လည်ပို့ဆောင်ခံရသူတွေကိုလည်း စစ်မှုထမ်းဖို့ အတင်းအကျပ်ခေါ်ယူတဲ့ လမ်းကြောင်းတခုအဖြစ် အသုံးပြုနေတယ်ဆိုတဲ့ အထောက်အထားတွေ ရရှိထားတယ်လို့ Myanmar Witness က ဆိုပါတယ်။ အစီရင်ခံစာအရ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်ပြီးနောက် လူပျောက်ကြေညာစာတွေ သိသိသာသာ တိုးလာခဲ့ပြီး အမျိုးသားနဲ့ ယောက်ျားလေးတွေကို အချိုးမညီစွာ ပိုမိုထိခိုက်စေသလို ဖမ်းဆီးမှု၊ အကျပ်ကိုင်မှုနဲ့ ပြည်ပက ပြန်ပို့ခံရသူတွေကို အသုံးပြုပြီး စစ်သားစုဆောင်းတဲ့ ပုံစံတွေ ပိုမိုတွေ့ရှိလာတယ်လို့ သုံးသပ်ထားပါတယ်။

Myanmar Witness က လူပျောက်ကြေညာစာအရေအတွက်ဟာ အတင်းအကျပ် စစ်သားစုဆောင်းမှုကြောင့် အရပ်သားတွေ ဘယ်လောက်ထိ ထိခိုက်နေရသလဲဆိုတာ ခန့်မှန်းနိုင်မယ့် ညွှန်ကိန်းတစ်ခုအဖြစ် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လူပျောက်ကြေညာစာအားလုံးဟာ အတင်းအကျပ် စစ်သားစုဆောင်းခံရတာနဲ့ တိုက်ရိုက်ဆက်စပ်တယ်လို့ အတည်ပြုထားတာ မဟုတ်ဘဲ လေ့လာတွေ့ရှိချက်တွေနဲ့ ဖြစ်စဉ်နမူနာတွေက ဆက်နွှယ်မှုရှိနိုင်ကြောင်း ဖော်ပြထားတာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Related News

Most Read