၁၄ ဇူလိုင် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာ Light Truck ယာဉ်နဲ့ တရားဝင်ပြေးဆွဲခွင့်မပြုထားတဲ့ အောက်ဆိုက်ကားတစီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ဟာ ဇူလိုင် ၁၄ ရက် မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ပါဝင်ပါတယ်။
ဒဏ်ရာရသူတွေထဲက ကုမ္ပဏီဝန်ထမ်း အမျိုးသားတဦးဟာ ဒဏ်ရာအခြေအနေကြောင့် အမည်နဲ့ နေရပ်လိပ်စာကို မေးမြန်းလို့ မရသေးတာကြောင့် မိသားစုဝင်တွေ သိရှိနိုင်ဖို့ လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို ကျောက်တံတားအရန်မီးသတ်တပ်ဖွဲ့နဲ့ ကိုပူတူးနဲ့ ဘော်ဒါများ လူမှုကူညီရေးအသင်းတို့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်။
ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်းတွေရဲ့ ယာဉ်အရေအတွက် မလုံလောက်တာကြောင့် ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ ခရီးသွားပြည်သူတချို့ဟာ တရားဝင်ပြေးဆွဲခွင့်မရှိတဲ့ အောက်ဆိုက်ကားတွေကို အသုံးပြုနေရတယ်လို့ ရန်ကုန်မြို့ခံတချို့က ပြောပါတယ်။


