၁၄ ဇူလိုင် ၂၀၂၆ | New Day Myanmar
မြန်မာနိုင်ငံက နေရပ်စွန့်ခွာခဲ့ရတဲ့ အရွယ်ရောက်သူ လေးဦးမှာ တဦးခန့်ဟာ အလုပ်အကိုင်မရှိသလို ပညာသင်ကြားတာနဲ့ အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက်တာလည်း မရှိတဲ့ အခြေအနေကို ရောက်နေတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းပြုလုပ်တဲ့ လေ့လာမှုတခုမှာ ဖော်ပြထားပါတယ်။
အသက်မွေးဝမ်းကျောင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်ချက်ဆန်းစစ်လေ့လာမှု LEONA ကို မြန်မာနိုင်ငံတဝန်း မြို့နယ် ၁၇၈ မြို့နယ်က အိမ်ထောင်စု ၁၀,၇၀၀ ကို အခြေခံပြီး အိမ်ထောင်စုတွေနဲ့ အလုပ်ရှင်တွေရဲ့ အခြေအနေတွေကို လေ့လာထားတာ ဖြစ်ပါတယ်။
အလုပ်၊ ပညာရေးနဲ့ သင်တန်း တခုမှ မရှိတဲ့ ကာလရှည်နေရပ်စွန့်ခွာသူတွေရဲ့ ၆၂ ရာခိုင်နှုန်းနဲ့ အကူးအပြောင်းအဆင့်က နေရပ်စွန့်ခွာသူတွေရဲ့ ၅၄ ရာခိုင်နှုန်းဟာ အရင်က အလုပ်လုပ်ဖူးတဲ့ အတွေ့အကြုံရှိပြီး အများစုက စိုက်ပျိုးရေးလုပ်ငန်းမှာ လုပ်ကိုင်ဖူးကြသူတွေ ဖြစ်ပါတယ်။
ဒါဟာ နေရပ်စွန့်ခွာရတာ၊ လုံခြုံရေးမရှိတာနဲ့ ဒေသတွင်းကန့်သတ်ချက်တွေကြောင့် အလုပ်လုပ်နိုင်တဲ့ လူ့စွမ်းအားအရင်းအမြစ် အများအပြား လုပ်သားဈေးကွက်ကနေ ဖယ်ထုတ်ခံနေရတာကို ပြသနေတယ်လို့ လေ့လာမှုက ဆိုပါတယ်။
နေရပ်စွန့်ခွာအမျိုးသမီးတွေအတွက် အဓိကအတားအဆီးတွေက မိသားစုဝင်တွေကို စောင့်ရှောက်ရတဲ့ တာဝန်နဲ့ မိသားစု ဒါမှမဟုတ် လူမှုအသိုင်းအဝိုင်းရဲ့ ကန့်သတ်မှုတွေ ဖြစ်ပြီး အလုပ်မလုပ်နိုင်တဲ့ အမျိုးသမီးတွေရဲ့ ၇၃ ရာခိုင်နှုန်းက ဒီအကြောင်းရင်းတွေကို ထောက်ပြထားပါတယ်။
အကူးအပြောင်းအဆင့်က နေရပ်စွန့်ခွာအမျိုးသမီးတွေအတွက် ဘတ်စ်ကားနဲ့ ရထားဝန်ဆောင်မှုတွေ ရရှိနိုင်ရင် အလုပ်အကိုင်ရရှိမှုနှုန်း ၁၃ ရာခိုင်နှုန်း ပိုမြင့်လာပြီး ကျန်းမာရေးဌာနတွေနဲ့ ပိုက်ရေစနစ် ရရှိနိုင်တာကလည်း အလုပ်အကိုင်ရရှိမှု ၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာတာနဲ့ ဆက်နွှယ်နေပါတယ်။
လေ့လာမှုအရ နေရပ်စွန့်ခွာသူတွေနဲ့ လက်ခံအသိုင်းအဝိုင်းက အလုပ်သမားတွေဟာ စိုက်ပျိုးရေးနဲ့ လက်လီရောင်းဝယ်ရေးလို အလားတူလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပေမဲ့ နေရပ်စွန့်ခွာသူတွေက နေ့စားနဲ့ ယာယီအလုပ်တွေမှာ ပိုမိုလုပ်ကိုင်နေကြရပါတယ်။
ကာလရှည်နေရပ်စွန့်ခွာအလုပ်သမားတွေရဲ့ ၅၆ ရာခိုင်နှုန်းနဲ့ အကူးအပြောင်းအဆင့်က အလုပ်သမားတွေရဲ့ ၅၃ ရာခိုင်နှုန်းဟာ ယာယီအလုပ်တွေမှာ လုပ်ကိုင်နေကြပြီး လက်ခံအသိုင်းအဝိုင်းက အလုပ်သမားတွေမှာတော့ ၃၂ ရာခိုင်နှုန်းသာ ရှိပါတယ်။
အလုပ်သမားနဲ့ အလုပ်အမျိုးအစားဆိုင်ရာ အချက်အလက်တွေ ထည့်သွင်းတွက်ချက်ပြီးတဲ့နောက်မှာတောင် ကာလရှည်နေရပ်စွန့်ခွာ ယာယီအလုပ်သမားတွေရဲ့ ဝင်ငွေဟာ လက်ခံအသိုင်းအဝိုင်းက အလုပ်သမားတွေထက် ၁၀ ရာခိုင်နှုန်းနည်းပြီး အကူးအပြောင်းအဆင့်က အလုပ်သမားတွေမှာ ၆ ရာခိုင်နှုန်း နည်းနေပါတယ်။
နေရပ်စွန့်ခွာသူဦးရေများတဲ့ မြို့နယ်တွေမှာ အလုပ်ရှင်တွေက အလုပ်သမားရှာဖွေဖို့ ပိုခက်ခဲတယ်လို့ ပြောထားပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေ အသုံးပြုတဲ့ လူမှုချိတ်ဆက်မှုကွန်ရက် မတူတာကြောင့် အလုပ်အကိုင်နဲ့ အလုပ်သမားတွေ တနေရာတည်းမှာ ရှိနေပေမဲ့ အချင်းချင်း မချိတ်ဆက်နိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။
အကူးအပြောင်းအဆင့်က နေရပ်စွန့်ခွာသူတွေရဲ့ ၁၅ ရာခိုင်နှုန်းသာ မြို့နယ်တခုတည်းအတွင်း အခြားရွာ ဒါမှမဟုတ် မြို့ကို သွားရောက်အလုပ်လုပ်လိုကြပြီး လက်ခံအသိုင်းအဝိုင်းမှာတော့ ၂၅ ရာခိုင်နှုန်း ရှိပါတယ်။ စစ်ဆေးရေးဂိတ်တွေနဲ့ စစ်မှုထမ်းခေါ်ယူခံရနိုင်တဲ့ စိုးရိမ်မှုတွေက သွားလာရေးကို တားဆီးနေပါတယ်။
နေရပ်စွန့်ခွာအိမ်ထောင်စုတွေရဲ့ ၈ ရာခိုင်နှုန်းသာ တရားဝင်ဘဏ်ဝန်ဆောင်မှု ရရှိပြီး လက်ခံအသိုင်းအဝိုင်းမှာတော့ ၁၆ ရာခိုင်နှုန်း ရှိပါတယ်။ ဒါပေမဲ့ အကူးအပြောင်းအဆင့်က အိမ်ထောင်စုတွေရဲ့ ၃၁ ရာခိုင်နှုန်းဟာ မိုဘိုင်းငွေကြေးနဲ့ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုတွေကို အသုံးပြုနိုင်ပြီး အသုံးပြုသူတွေရဲ့ ၈၇ ရာခိုင်နှုန်းက ပုံမှန်အသုံးပြုနေကြပါတယ်။
LEONA လေ့လာမှုက အလုပ်ရှိရုံနဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ထိခိုက်လွယ်မှုကို မလျှော့ချနိုင်ဘဲ အလုပ်ရဲ့ အရည်အသွေး၊ တည်ငြိမ်မှု၊ လုပ်ခလစာ၊ ဘေးကင်းတဲ့ သွားလာရေးနဲ့ အခြေခံဝန်ဆောင်မှု ရရှိမှုတွေက နေရပ်စွန့်ခွာသူတွေရဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရေးအတွက် အရေးကြီးတယ်လို့ ထောက်ပြထားပါတယ်။


