Homeပြည်တွင်းသတင်းတရုတ်သြဇာ ကြီးမာလာနေချိန် မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးရေးအကူအညီ ပြန်စဖို့ ဂျပန် စဉ်းစားလာ

တရုတ်သြဇာ ကြီးမာလာနေချိန် မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးရေးအကူအညီ ပြန်စဖို့ ဂျပန် စဉ်းစားလာ

၇ ဇူလိုင် ၂၀၂၆ | New Day Myanmar

မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးသြဇာ ပိုမိုတိုးလာနေချိန်မှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ရပ်ဆိုင်းထားတဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကို ပြန်လည်စတင်သင့်၊ မသင့် ဂျပန်အစိုးရအနေနဲ့ ဆုံးဖြတ်ရမယ့် ဖိအားတွေ မြင့်တက်လာနေပါတယ်။

စစ်အုပ်စုထိန်းချုပ်ထားတဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခင်ခင်စိုးက ဇွန်လ ၃၀ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဂျပန်က ဖွံ့ဖြိုးရေးအကူအညီအသစ်တွေ ဆက်လက်ရပ်ဆိုင်းထားရင် သာမန်ပြည်သူတွေ ထိခိုက်မယ်လို့ ပြောပြီး အကူအညီတွေ ပြန်လည်ပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဂျပန်က ယခင်က ဆောက်လုပ်ပေးခဲ့တဲ့ လမ်း၊ တံတားနဲ့ တခြားအခြေခံအဆောက်အအုံတွေကြောင့် မြန်မာနိုင်ငံ အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်းနဲ့ စီမံကိန်းအသစ်တွေ ချက်ချင်းမစတင်နိုင်ရင်တောင် အရင်သဘောတူထားတဲ့ စီမံကိန်းတွေကို ပြန်စတင်ပေးဖို့ သူက တောင်းဆိုခဲ့တာပါ။

ဂျပန်နိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် အစိုးရနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ ရေရှည်ဖွံ့ဖြိုးရေးစီမံကိန်းအသစ်တွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့တွေကတဆင့် မြန်မာပြည်သူတွေ တိုက်ရိုက်အကျိုးခံစားရမယ့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကိုတော့ ဆက်လက်ပေးအပ်နေပါတယ်။

ဂျပန်အစိုးရရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီ အမေရိကန်ဒေါ်လာ ၁၅၂ သန်းခန့် ပေးအပ်ထားပါတယ်။

စစ်အုပ်စုဟာ တရုတ်နိုင်ငံနဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်တိုက်တိုးချဲ့နေပြီး မင်းအောင်လှိုင်ကလည်း ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ တရုတ်နိုင်ငံကို သွားရောက်ကာ နှစ်နိုင်ငံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ ဒီအခြေအနေကြောင့် မြန်မာနိုင်ငံအပေါ် ဂျပန်ရဲ့ အရင်ရှိခဲ့တဲ့ သြဇာ ပိုမိုလျော့ကျသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ဖွံ့ဖြိုးရေးအကူအညီတွေ ပြန်စတင်တာဟာ စစ်အုပ်စုကို နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ ငွေကြေးအကျိုးအမြတ်တွေ ရရှိစေနိုင်တယ်ဆိုပြီး ဂျပန်အစိုးရကို သတိပေးထားပါတယ်။

ဂျပန်အကူအညီနဲ့ ဝယ်ယူထားတဲ့ အရပ်ဘက်သုံးရေယာဉ်တွေကို စစ်တပ်က ၂၀၂၂ ခုနှစ်မှာ ရခိုင်ပြည်နယ်အတွင်း စစ်သားနဲ့ လက်နက်တွေ သယ်ဆောင်ရာမှာ အသုံးပြုခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေရှိသလို ဂျပန်ငွေကြေးနဲ့ ဆောက်လုပ်နေတဲ့ ပဲခူးမြစ်ကူးတံတားစီမံကိန်းကတဆင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့် ရရှိခဲ့တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ဖော်ထုတ်ထားပါတယ်။

ဂျပန်အစိုးရကတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ စစ်အုပ်စုက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာနဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မဖြစ်ပေါ်ခဲ့တာကို ဝေဖန်ထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့လည်း ဆက်လက်တောင်းဆိုထားပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေက စစ်အုပ်စုဟာ အရပ်သားတွေကို တိုက်ခိုက်တာ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးနှိပ်စက်တာနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ပိတ်ဆို့တာ ဆက်လက်လုပ်ဆောင်နေသရွေ့ ဂျပန်အနေနဲ့ ဖွံ့ဖြိုးရေးအကူအညီအသစ်တွေ မပေးသင့်ဘူးလို့ တောင်းဆိုထားပါတယ်။ အဲဒီအစား စစ်အုပ်စုခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားအရေးယူမှုတွေ တိုးမြှင့်ဖို့ တိုက်တွန်းထားပါတယ်။

လက်ရှိအချိန်အထိ ဂျပန်အစိုးရက မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူအညီအသစ်တွေ ပြန်လည်စတင်မယ်လို့ တရားဝင်ကြေညာထားတာ မရှိသေးဘဲ မြန်မာပြည်သူတွေဆီ တိုက်ရိုက်ရောက်ရှိမယ့် လူသားချင်းစာနာမှုအကူအညီတွေကိုသာ ဆက်လက်ပေးမယ်လို့ ပြောထားပါတယ်။

Related News

Most Read