Homeအထူးသတင်းဂျပန်မြောက်ပိုင်းမှာ ၇.၄ အဆင့် ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်

ဂျပန်မြောက်ပိုင်းမှာ ၇.၄ အဆင့် ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်

၂၀ ဧပြီ ၂၀၂၆ | New Day Myanmar

ဂျပန်နိုင်ငံ မြောက်ပိုင်းကမ်းလွန်ဒေသမှာ အင်အား ၇.၄ အဆင့်ရှိ ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် ကမ်းရိုးတန်းဒေသတစ်လျှောက်မှာ ၃ မီတာအထိ မြင့်နိုင်တဲ့ ဆူနာမီ ဒီရေလှိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဂျပန်မိုးလေဝသဌာန (JMA) ရဲ့ အဆိုအရ ငလျင်ဟာ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၃ မိနစ်မှာ ဆန်ရိကု ကမ်းလွန်ကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ ငလျင်ဗဟိုချက်ဟာ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်မှာ ဖြစ်ပွားခဲ့တာလည်း သိရပါတယ်။

ငလျင်ပြင်းအားကို ဂျပန်စံနှုန်း Shindo Scale အရ အဆင့် ၅ အထက်အဖြစ် မှတ်တမ်းတင်ထားပြီး အဲ့ဒီအဆင့်မှာ လူတွေ မတည်မငြိမ်ဖြစ်ပြီး မကိုင်မကပ်ဘဲ လမ်းလျှောက်ရခက်ခဲသလို ပရိဘောဂတွေ လဲကျနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

အာအိုမိုရီခရိုင်မှာ အဆင့် ၅ အထက် ရှိခဲ့ပြီး အိဝတေးနဲ့ မီယာဂီခရိုင်တွေမှာတော့ အဆင့် ၅ အောက်အဖြစ် မှတ်တမ်းတင်ထားပါတယ်။

ဒါ့အပြင် အိဝတေးခရိုင်နဲ့ ဟော့ကိုင်းဒိုးကျွန်း အချို့နေရာတွေမှာ ၃ မီတာအထိ မြင့်တဲ့ ဆူနာမီလှိုင်းတွေ ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။

ဂျပန်နိုင်ငံဟာ ပစိဖိတ် မီးဝိုင်း (Pacific Ring of Fire) ပေါ်မှာ တည်ရှိနေတဲ့အတွက် ငလျင်တွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၁၁ ခုနှစ်ကလည်း ပြင်းထန်တဲ့ ငလျင်နဲ့ ဆူနာမီကြောင့် လူပေါင်း ၁၈,၀၀၀ ကျော် သေဆုံးခဲ့တဲ့အပြင် ဖူကူရှီးမား နျူကလီးယားစက်ရုံ ပျက်စီးမှု ဖြစ်ပွားခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ အာဏာပိုင်တွေက ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်သူတွေကို အမြင့်ဒေသတွေကို ရွှေ့ပြောင်းဖို့ သတိပေးထားပြီး ဆူနာမီအန္တရာယ်ကို နီးကပ်စွာ စောင့်ကြည့်နေပါတယ်။

Related News

Most Read