၈ ဇွန် ၂၀၂၆ | New Day Myanmar
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ပြင်းအား ၇.၀ မဂ္ဂနီကျုရှိတဲ့ အားပြင်းငလျင်တစ်ခု ဒီနေ့မနက်ပိုင်း ဒေသစံတော်ချိန် ၇ နာရီခွဲခန့်မှာ လှုပ်ခတ်သွားပြီး ဖိလစ်ပိုင်အပါအဝင် ဒေသတွင်းနိုင်ငံတွေမှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ငလျင်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ တောင်ပိုင်း အဓိကကျွန်းကြီးဖြစ်တဲ့ မင်ဒါနာအိုကျွန်းပေါ်ရှိ ဂျန်နရယ်ဆန်းတို့စ်မြို့ ကမ်းလွန်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး မြေအောက်အနက် ၁၀ ကီလိုမီတာမှာ ဖြစ်ပွားခဲ့တယ်လို့ ဖိလစ်ပိုင် မီးတောင်နဲ့ ငလျင်စောင့်ကြည့်ရေးအင်စတီကျု (PHIVOLCS) က ထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း အစိုးရကျောင်းတွေ စတင်ဖွင့်လှစ်တဲ့နေ့မှာပဲ ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံအပြင် အင်ဒိုနီးရှားနဲ့ ဂျပန်နိုင်ငံတို့မှာလည်း ဆူနာမီရေလှိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ကမ်းရိုးတန်းဒေသနေ ပြည်သူတွေကို သတိထားကြဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။
တခြား နိုင်ငံတကာ ငလျင်စောင့်ကြည့်ရေးစင်တာအချို့ကတော့ အဆိုပါငလျင်ရဲ့ ပြင်းအားဟာ ၇.၈ မဂ္ဂနီကျုအထိ ရှိတယ်လို့ မှတ်တမ်းတင်ထားပြီး PHIVOLCS ရဲ့ ထုတ်ပြန်ချက်နဲ့ ကွာခြားမှု ရှိနေပါတယ်။
ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. ကတော့ ကမ်းရိုးတန်းနဲ့ အန္တရာယ်ရှိနိုင်တဲ့ ဒေသတွေမှာ နေထိုင်သူတွေကို ကုန်းမြင့်ဒေသတွေဆီ ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပြီး အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အစိုးရအေဂျင်စီတွေကို ညွှန်ကြားထားတယ်လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်အထိ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးဘဲ အာဏာပိုင်တွေက ဆက်လက်စောင့်ကြည့် စစ်ဆေးနေဆဲဖြစ်ပါတယ်။


