Homeနိုင်ငံတကာသတင်းလက်ဘနွန်စစ်တပ် ဗိုလ်မှူးချုပ်တစ်ဦး အစ္စရေးပစ်ခတ်မှုကြောင့် သေဆုံး

လက်ဘနွန်စစ်တပ် ဗိုလ်မှူးချုပ်တစ်ဦး အစ္စရေးပစ်ခတ်မှုကြောင့် သေဆုံး

၈ ဇွန် ၂၀၂၆ | New Day Myanmar

လက်ဘနွန်တောင်ပိုင်းကို ဇွန်လ ၆ ရက်နေ့မှာ အစ္စရေးစစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လက်ဘနွန်စစ်တပ်မှ ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် စစ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်ကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေချိန်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လက်ဘနွန်စစ်တပ်က အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးစစ်တပ်ဘက်ကတော့ သူတို့ တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ နေရာဆီကို သံသယဖြစ်ဖွယ် အခြေအနေမျိုးနဲ့ အရှိန်ပြင်းပြင်း ချဉ်းကပ်လာတဲ့ လက်ဘနွန်စစ်ကားတစ်စီးကို စိုးရိမ်မှုကြောင့် ပစ်ခတ်တားဆီးခဲ့တာဖြစ်တယ်လို့ ရှင်းလင်းထားပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့မှာ ပစ်ခတ်သံတွေကို ဒေသခံတွေ ကြားခဲ့ရတယ်လို့လည်း သိရပါတယ်။

အခုဖြစ်စဉ်ဟာ အစ္စရေးနဲ့ လက်ဘနွန်အစိုးရတို့ကြား တိုက်ရိုက်စစ်ပွဲတစ်ခု မဟုတ်ဘဲ လက်ဘနွန်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေကို ပစ်မှတ်ထား စစ်ရေးတွေ ဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇွန်လ ၇ ရက်နေ့မှာလည်း အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေရဲ့ လက်နက်သိုလှောင်ရုံတွေ၊ ကွပ်ကဲရေးစခန်းတွေနဲ့ အခြေခံအဆောက်အအုံတွေ အပါအဝင် ပစ်မှတ် ၁၅၀ ခန့်ကို ထပ်မံတိုက်ခိုက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေကို ပစ်မှတ်ထားတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ အရှိန်မြင့်နေဆဲဖြစ်ပြီး ဒေသတွင်း လုံခြုံရေးအခြေအနေနဲ့ တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေတယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး