၇ ဧပြီ ၂၀၂၆ | New Day Myanmar
အရှေ့အလယ်ပိုင်းဒေသမှာ ဆွေးနွေးနေတဲ့ ယာယီအပစ်အခတ်ရပ်စဲရေးအစီအစဉ်မှာ လက်ဘနွန်နိုင်ငံ မပါဝင်ဘူးလို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်အရ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်ပေးရမယ်၊ အမေရိကန်၊ အစ္စရေးနဲ့ ဒေသတွင်းနိုင်ငံတွေကို တိုက်ခိုက်မှုတွေ အားလုံး ရပ်တန့်ရမယ်ဆိုတဲ့ အချက်ပေါ် မူတည်ပြီး အီရန်အပေါ် တိုက်ခိုက်မှုတွေကို ၂ ပတ် ရပ်ဆိုင်းမယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးဘက်က ထောက်ခံထားပါတယ်။
ဒါ့အပြင် အီရန်ဘက်က နျူကလီးယား၊ ဒုံးကျည်နဲ့ အကြမ်းဖက်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်အောင် အမေရိကန်ဘက်က ကြိုးပမ်းနေတဲ့ လုပ်ဆောင်ချက်တွေကိုလည်း အစ္စရေးက ထောက်ခံကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်၊ အစ္စရေးနဲ့ ဒေသတွင်းမဟာမိတ်နိုင်ငံတွေ မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေကို လာမယ့် ဆွေးနွေးပွဲတွေမှာ ရရှိနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန်ဘက်က အစ္စရေးကို ပြောကြားထားတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် အခု ၂ ပတ်ကြာ ယာယီအပစ်အခတ်ရပ်စဲရေးမှာတော့ လက်ဘနွန်နိုင်ငံ မပါဝင်ဘူးလို့ ထုတ်ပြန်ချက်မှာ အတည်ပြုထားပါတယ်။


