Homeအထူးသတင်းအရှေ့အလယ်ပိုင်းကို အမေရိကန် အထူးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ထပ်မံစေလွှတ်မှာဖြစ်

အရှေ့အလယ်ပိုင်းကို အမေရိကန် အထူးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ထပ်မံစေလွှတ်မှာဖြစ်

၂၅ မတ်လ ၂၀၂၆ ၊ New Day Myanmar

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အဖြေရှာမယ့် သဘောတူညီချက်များအတွက် ဆွေးနွေးနေတယ်လို့ ပြောကြားနေပေမယ့် ပင်တဂွန် စစ်ဌာနချုပ်အနေနဲ့ အမေရိကန်စစ်တပ်ရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ ၈၂ ဦးမြောက် လေထီးတပ်မ (82nd Airborne Division) က စစ်သည်ထောင်ပေါင်းများစွာကို အရှေ့အလယ်ပိုင်းကို ထပ်မံစေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းဌာနမှာ အင်္ဂါနေ့က ဖော်ပြထားပါတယ်။

ဒီတပ်ဖြန့်မှုဟာ အမေရိကန်ရဲ့ အကြီးအကျယ် စစ်အင်အားတိုးမြှင့်မှုတစ်ခုဖြစ်ပြီး အမေရိကန်အစိုးရအနေနဲ့ အီရန်ပိုင်နက်အတွင်း တပ်ဖွဲ့ဝင်များ ဝင်ရောက်စေလွှတ်နိုင်တဲ့ နည်းလမ်းများအပါအဝင် စစ်ရေးရွေးချယ်ခွင့်များကို ပိုမိုကျယ်ပြန့်စေမှာဆိုတာ သိရပါတယ်။

လေးပတ်မြောက်ကို ရောက်ရှိလာပြီဖြစ်တဲ့ အမေရိကန်နဲ့ အီရန် ပဋိပက္ခဟာ ကမ္ဘာ့ဈေးကွက်ကိုလည်း ရိုက်ခတ်လျက်ရှိပြီး အခုလို စစ်အင်အားတိုးမြှင့်ခြင်းကြောင့် တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ တာဝန်ရှိသူများရဲ့ ပြောကြားချက်အရ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဖော့တ်ဘရက်ဂ် (Fort Bragg) အခြေစိုက် စစ်သည် ၃,၀၀၀ မှ ၄,၀၀၀ ကြားကို စေလွှတ်ဖို့ စီစဉ်နေတာဖြစ်ပေမယ့် ဘယ်အချိန်မှာ ဘယ်နေရာကို ရောက်ရှိမယ်ဆိုတာ အသေးစိတ် ထုတ်ဖော်ပြောကြားထားတာ မရှိသေးဘူးလို့ သိရပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အန်နာ ကယ်လီက “သမ္မတထရန့်အနေနဲ့ စစ်ရေးအရ ရွေးချယ်စရာ နည်းလမ်းအားလုံးကို သူ့ရဲ့လက်ဝယ်မှာ အဆင်သင့် ရှိနေစေမှာပါ” လို့ ပြောကြားခဲ့ပေမယ့် ပင်တဂွန် စစ်ဌာနချုပ်ဘက်ကမူ အခုကိစ္စနှင့် ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားတယ်လို့ သိရပါတယ်။

ဒီအင်အား ဖြည့်တင်းမှု မတိုင်မီက အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၀,၀၀၀ ခန့် ရှိနေပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်က စတင်ပြီး အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးများနောက် အီရန်နိုင်ငံအတွင်းက ပစ်မှတ်ပေါင်း ၉,၀၀၀ ကျော်ကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ပွဲအတွင်း အမေရိကန်စစ်သည် ၁၃ ဦး သေဆုံးကာ ၂၉၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး