၂၅ မတ်လ ၂၀၂၆ | New Day Myanmar
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်မှာ ကျပ် ၂၀ ဒသမ ၂ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးချက်စခန်းတစ်ခုကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
မတ်လ ၂၄ ရက် ညနေ ၃ နာရီခန့်မှာ တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ကော့ရားကျေးရွာအနီးမှာ မသင်္ကာဖွယ် မိုးကာတဲတွေ တွေ့ရှိလို့ သွားရောက်စစ်ဆေးရာက မူးယစ်ဆေးဝါးတွေနဲ့ ဆေးချက်လုပ်တဲ့ပစ္စည်းတွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီနေရာမှာ မူးယစ်ဆေးဝါး ချက်လုပ်၊ ထုပ်ပိုးတဲ့ မိုးကာတဲကြီး ၂ လုံးအပါအဝင် လူနေတဲတွေ၊ ထမင်းစားဆောင်တဲတွေ စုစုပေါင်း ၁၁ လုံးကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေထဲမှာ WY စိတ်ကြွဆေးပြား ၆၉ သိန်း၊ အိုက်စ် ၄၉ ကီလိုဂရမ်၊ ဆေးပြားရိုက်စက် ၄ လုံး၊ မွှေစက် ၁ လုံး၊ ဂတ်စ်အိုး ၃၂ လုံး၊ မီးစက်ကြီး ၁ လုံး၊ ကဖင်းအိတ် ၁၁၀ ကျော်၊ ဆေးရည်နဲ့ ဆေးမှုန့်အများအပြား၊ Starlink Gen 3 အင်တာနက်စက် ၁ လုံးတို့ ပါဝင်တယ်လို့ စစ်ကော်မရှင်က ဖော်ပြထားပါတယ်။
ဒါပေမယ့် အဲ့ဒီမူးယစ်ဆေးချက်စခန်းမှာ ထုတ်လုပ်ရောင်းချသူတွေကိုတော့ မတွေ့ရှိရဘဲ ပစ္စည်းတွေကိုသာ သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး လူတယောက်တလေကိုမျှ ဖမ်းမမိခဲ့ဘူးလို့ သိရပါတယ်။
လက်ရှိမှာ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သက်ဆိုင်ရာဌာနတွေထံ လွှဲပြောင်းဖို့ ဆောင်ရွက်နေပြီး အဲ့ဒီဒေသတဝိုက်မှာ အလားတူ မသင်္ကာဖွယ် နေရာတွေ ထပ်ရှိနိုင်တာကြောင့် နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
တာချီလိတ်ဒေသမှာ မကြာသေးခင်ကလည်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ မတ်လ ၂၁ ရက်ကလည်း တာချီလိတ်မြို့၊ မြလင်းပွင့်မိုတယ်အနီးမှာ ရပ်ထားတဲ့ ပိုင်ရှင်မဲ့ကား ၃ စီးအတွင်း ကျပ် ၈ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ WY ဆေးပြား ၁၇ ဒသမ ၈ သန်းကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဒါ့အပြင် မတ်လ ၁၁ ရက်ကလည်း တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ အမှတ် (၂) တံတားအနီးမှာ စိတ်ကြွဆေးပြား ၁ သိန်း သယ်ဆောင်လာတဲ့ လူငယ် ၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။


