Homeပြည်တွင်းသတင်းစက်သုံးဆီ တစ်ပတ်မှာ အများဆုံး ၂ ကြိမ်သာ ဝယ်ယူခွင့်ပြုမယ်

စက်သုံးဆီ တစ်ပတ်မှာ အများဆုံး ၂ ကြိမ်သာ ဝယ်ယူခွင့်ပြုမယ်

၂၃ မတ် ၂၀၂၆ ၊ New Day Myanmar

စက်သုံးဆီဝယ်ယူခွင့်ကို တစ်ပတ်မှာ အများဆုံး ၂ ကြိမ်သာ ဝယ်ယူခွင့်ပြုမှာဖြစ်သလို ဝယ်ယူတာကို QR စနစ်နဲ့ ကန့်သတ်ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်လာပါတယ်။

အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခ မြင့်တက်လာတာကြောင့် ပြည်တွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမရှိစေဖို့ လာမယ့် ရက်သတ္တပတ်ကနေ စတင်ပြီး ယာဉ်အမျိုးအစားအလိုက် တစ်ပတ်ကို အများဆုံး ၂ ကြိမ်သာ ခွဲတမ်းစနစ်နဲ့ ဝယ်ယူခွင့်ပြုတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝယ်ယူရာမှာလည်း ယာဉ်ရဲ့ အင်ဂျင်စက်စွမ်းအားအပေါ် မူတည်ပြီး တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိတဲ့ ဆီပမာဏကို ကန့်သတ် သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စက်သုံးဆီကို ရက်ပေါင်း ၅၀ စာ သိုလှောင်ထားနိုင်ပြီး၊ အခြားလမ်းကြောင်းသစ်တွေကလည်း တင်သွင်းဖို့ ချိတ်ဆက်ဆောင်ရွက်ထားတာကြောင့် စိုးရိမ်စိတ်နဲ့ ဝယ်ယူစုဆောင်းထားတာတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။

“သူတို့ကတော့ ရှိတယ်ပဲပြောတာပေါ့။ ဒါပမယ့် တကယ်ရှိမရှိတော့မသိဘူး။ ဘယ်အချိန် ဘယ်လို ထဖြစ်မလဲဆိုတာလည်း မသိဘူး။ ဆီမရှိ မီးမရှိနိုင်ငံဖြစ်နေတာပေါ့ဗျာ။”လို့ ရန်ကုန်မြို့နေပြည်သူတဦးက ပြောပါတယ်။

ဒါ့အပြင် စက်သုံးဆီအရောင်းဆိုင်တွေအနေနဲ့လည်း မမှန်မကန် ရောင်းချတာတွေရှိရင် တိုင်ကြားနိုင်သလို၊ စည်းကမ်းဖောက်ဖျက်တဲ့ ဆိုင်အချို့ကိုလည်း ရောင်းချခွင့်လိုင်စင် ပိတ်သိမ်းတာတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ စစ်ကော်မရှင် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။

စစ်ကော်မရှင်ဟာ စက်သုံးဆီရှားပါးလာတဲ့အပြင် ဈေးမြင့်တက်လာတာကို ထိန်းချုပ်ဖို့ ကြိုးစားနေရင်းကပဲ နိုင်ငံတဝန်းက Non-CDM ဝန်ထမ်းတွေကို စက်သုံးဆီချွေတာရေးအတွက်ဆိုကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နေအိမ်ကနေ အလုပ်လုပ်ရမယ့် အစီအစဉ် (Work From Home) ကိုလည်းလုပ်ဆောင်နေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး