Homeပြည်တွင်းသတင်းကိုယ်ပိုင်ယာဉ်တစ်စီးကို တစ်ပတ်မှာ လီတာ ၅၀ သာ ဝယ်ယူခွင့်ရရှိ

ကိုယ်ပိုင်ယာဉ်တစ်စီးကို တစ်ပတ်မှာ လီတာ ၅၀ သာ ဝယ်ယူခွင့်ရရှိ

၂၇ မတ် ၂၀၂၆ ၊ New Day Myanmar

ကိုယ်ပိုင်ယာဉ်တစ်စီးကို တစ်ပတ်မှာ လီတာ ၅၀ သာ ဝယ်ယူခွင့်ရရှိမှာဖြစ်တယ်လို့ ဒီကနေ့ မတ်လ ၂၇ ရက်နေ့မှာ စက်သုံးဆီ သွားတန်းစီ ဝယ်ယူခဲ့သူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ စက်သုံးဆီကို အင်ဂျင်ပါဝါအလိုက် ရက်သတ္တပတ်အတွင်း ဝယ်ယူခွင့်ကို စတင်မယ်လို့ ထုတ်ပြန်အပြီး ဒီကနေ့မှာ စက်သုံးဆီဆိုင်တွေက အခုလို စတင်ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။

“တစ်ပတ်အတွင်း လီတာ ၅၀ ရမယ်။ ကျွန်တော်ကတော့ လီတာ ၂၅ ဝယ်ခဲ့တယ်။ နောက်ရက်မှပဲ လီတာ ၂၅ ထပ်ဝယ်မယ်။ ဒီနေ့ မနက်အစောကြီးထဲက သွားပြီး တန်းစီတာ နေ့လည် ၂ နာရီလောက်မှ ရတယ်” လို့ သူက ဆိုပါတယ်။

ဒီကနေ့ မတ်လ ၂၇ ရက်နေ့ ရန်ကုန်မှာ စက်သုံးဆီ တစ်လီတာကို ကျပ် ၁,၀၀၀ ကျော် မြင့်တက်လာပြီး 92 Ron တစ်လီတာကို ၄,၄၅၀ ကျပ်၊ 95 Ron တစ်လီတာကို ၄,၉၇၅ ကျပ်အထိ ရောက်ရှိလာပါတယ်။

အခုလို စက်သုံးဆီကို လီတာသတ်မှတ် ရောင်းချရာမှာ ယာဉ်ဝှီးတက်ကို တိုင်းတာတာကြောင့် ရန်ကုန်က ပရဟိတ လုပ်ကိုင်နေတဲ့ အသင်းအချို့ အခက်ကြုံနေရပြီး၊ ပရဟိတကားအများစုက လိုင်စင်မဲ့ယာဉ်တွေကိုသာ အသုံးပြုနေကြရတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

“လိုင်စင်ကားက ဘယ်ဝယ်နိုင်မလဲဗျာ၊ ကိုယ်က ပရဟိတလုပ်နေတာ။ အခုလို လိုင်စင်မရှိတဲ့ ပရဟိတကားတွေကို အရောင်းမပြုရင်တော့ နောက်ဆို ရှင်ရေးသေရေး ခက်ခဲကုန်ကြမယ်” လို့ အမည်မဖော်လိုတဲ့ ပရဟိတ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီ ရှားပါးလာသလို ဈေးတက်လာပြီး ပြင်ပ မှောင်ခိုဈေးကွက်တွေလည်း ပေါ်ပေါက်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – New Day Myanmar

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး