Homeပြည်တွင်းသတင်းစက်သုံးဆီQR စနစ်တွင် လီတာအရေအတွက်ကျန်သော်လည်း အကြိမ်ရေကန့်သတ်ချက်ကြောင့် ထည့်မရသည့် အခက်အခဲများ ဖြစ်ပေါ်နေ

စက်သုံးဆီQR စနစ်တွင် လီတာအရေအတွက်ကျန်သော်လည်း အကြိမ်ရေကန့်သတ်ချက်ကြောင့် ထည့်မရသည့် အခက်အခဲများ ဖြစ်ပေါ်နေ

၄ မေ ၂၀၂၆ | New Day Myanmar

စက်သုံးဆီ ဝယ်ယူရာမှာ အသုံးပြုနေတဲ့ QR စနစ်အတွင်း သတ်မှတ်ထားတဲ့ အပတ်စဉ် လီတာပမာဏ မပြည့်သေးပေမယ့် ဝယ်ယူတဲ့အကြိမ်ရေ ပြည့်သွားပါက ဆီထပ်မံထုတ်ယူမရတော့တဲ့ အခြေအနေတွေကြောင့် သုံးစွဲသူတွေ အခက်တွေ့နေရတယ်လို့ ရန်ကုန်မြို့တွင်း ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ စနစ်အရ မော်တော်ယာဉ်တစ်စီးကို တစ်ပတ်လျှင် စက်သုံးဆီ ၃၅ လီတာ သတ်မှတ်ထားပေမယ့် အဲ့ဒီပမာဏကို ၂ ကြိမ်အတွင်းသာ အပြီးထုတ်ယူရမယ်လို့ သိရပါတယ်။

ကားပိုင်ရှင်တစ်ဦးရဲ့ ပြောကြားချက်အရ သူဟာ ယခုအပတ်အတွင်း ၁၀ လီတာစီ နှစ်ကြိမ် ခွဲထည့်ထားပြီးဖြစ်သော်လည်း ကျန်ရှိနေတဲ့ ၁၅ လီတာကို ထပ်မံဖြည့်တင်းရန် သွားရောက်ရာတွင် အကြိမ်ရေ ပြည့်သွားတဲ့အတွက် ထည့်မရတော့ဘူးလို့ ဆီဆိုင်ဘက်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော့် QR ထဲမှာ ဆီက ၁၅ လီတာလောက် ထည့်ဖို့ကျန်သေးတယ်။ ဒါပေမဲ့ နှစ်ကြိမ်ပြည့်သွားလို့ ထည့်လို့မရတော့ဘူးတဲ့။ အသုံးလိုလို့ လျော့ထည့်မိရင် ကိုယ့် quota ဆုံးရှုံးမယ့် သဘောဖြစ်နေတယ်” လို့ ၎င်းက ဆိုပါတယ်။

ဆီဆိုင်ဝန်ထမ်းတစ်ဦးရဲ့ ရှင်းပြချက်အရ သုံးစွဲသူတွေအနေနဲ့ မိမိတို့ရရှိတဲ့ အပတ်စဉ် quota ကို အကြိမ်ရေ ခွဲမထည့်ဘဲ တစ်ကြိမ်တည်းဖြင့် ပြည့်အောင် ထည့်ယူခြင်းကသာ အဆင်ပြေဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

“လိုအပ်တာထက် လျော့ပြီး ခွဲထည့်ရင် သတ်မှတ်အကြိမ်ရေ ပြည့်သွားလို့ ကျန်တဲ့လီတာကို မထုတ်ပေးတော့ဘူး။ အဲ့စနစ်ကလည်း ဘယ်ကဘယ်လိုညွှန်ကြားမှန်း မသိဘူး။ ကျွန်တော်တို့လည်း ဆိုင်မန်နေဂျာ ပြောလာတဲ့အတိုင်း လုပ်ပေးနေရတာ” လို့ ဆိုပါတယ်။

လက်ရှိမှာ စက်သုံးဆီဝယ်ယူရာမှာ စုံ/မ စနစ်နဲ့ စောင့်ထည့်နေရတာအပြင် အကြိမ်ရေကန့်သတ်ချက်ပါ ထပ်မံရှိလာတာကြောင့် ယာဉ်ပိုင်ရှင်တွေအနေနဲ့ ဆီဖြည့်မယ့် အစီအစဉ်ကို စနစ်တကျ ကြိုတင်တွက်ချက်ထားဖို့ လိုအပ်လာနေပြီဖြစ်တယ်လို့ ယာဉ်ပိုင်ရှင်တွေက ပြောဆိုနေကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး