Homeပြည်တွင်းသတင်းရန်ကုန်မှာ စက်သုံးဆီဈေးတွေ ထပ်တက်လာပြန်

ရန်ကုန်မှာ စက်သုံးဆီဈေးတွေ ထပ်တက်လာပြန်

၁၀ ဧပြီ ၂၀၂၆ ၊ New Day Myanmar

ရန်ကုန်မှာ ဒီကနေ့ ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ စက်သုံးဆီဈေးတွေ ထပ်မံမြင့်တက်လာပြီး 92 Ron တစ်လီတာကို ၄,၇၃၅ ကျပ်အထိ မြင့်တက်လာတာဖြစ်ပါတယ်။

ဒီကနေ့ ရန်ကုန်စက်သုံးဆီဈေးတွေအနေနဲ့ Octane 92 တစ်လီတာ ၄,၇၃၅ ကျပ်၊ Octane 95 တစ်လီတာ ၃,၉၄၅ ကျပ်၊ Diesel တစ်လီတာ ၆,၄၈၅ ကျပ်နဲ့ Premium Diesel တစ်လီတာကို ၇,၇၅၅ ကျပ်အထိ မြင့်တက်လာတာဖြစ်ပါတယ်။

စက်သုံးဆီအမျိုးအစားပေါ် မူတည်ပြီး တစ်ပတ်အတွင်း ကျပ် ၂၀၀ ကျော်ကနေ ၁,၀၀၀ နီးပါးအထိ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

တရားဝင် စက်သုံးဆီဈေးတွေ မြင့်တက်လာသလို မှောင်ခိုဈေးကွက်အတွင်းက စက်သုံးဆီဈေးမှာလည်း တစ်လီတာ ကျပ် ၁၈,၀၀၀ နီးပါးအထိ မြင့်တက်လာနေတယ်လို့ အဲ့ဒီဈေးကွက်ကို သိသူတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

“ဆိုင်တွေမှာ တက်လာရင် မှောင်ခိုမှာပါ လိုက်တက်နေတယ်။ အမြတ်လည်း အများကြီးစားသေးတယ်။ ဆိုင်ဈေးတက်ရင် လိုက်တက်လာတာကတော့ လွန်တယ်ဗျ။ အစိုးရကလည်း ဒါကို မထိန်းချုပ်နိုင်ဘူး။ ထုတ်ပြန်ချက်တွေသာ ထုတ်နေတာ မှောင်ခိုဈေးကွက်မှာ ပီပါလိုက်လှောင်ပြီး ဈေးကစားနေတဲ့သူတွေရှိတယ်။ အဲ့ဒီသူတွေသွားကြည့် သူတို့နောက်မှာ လက်မဲကြီးတွေရှိတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးတွေ ပြတ်တောက်တာကြောင့် CNG နဲ့ ပြေးဆွဲနေတဲ့ တက္ကစီယာဉ်တွေပါ နာရီနဲ့ကြာ တန်းစီနေကြရပြီး CNG ကို မပြည့်ဖြည့်မရတာမျိုးတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။

“မီးကပြတ်တော့ ဂက်စ်က ပေါင်အပြည့်မရဘူး။ အဲတော့ ရသလောက်နဲ့ ထွက်ဆွဲပြီး ပြန်တန်းစီပေါ့။ ဆီလောက်တော့ အာရုံမနောက်ရဘူး။ အရင်က ဂက်စ်ရော ဆီရော ထည့်ပေးတယ်။ အခု ဂက်စ်ကားတွေကို ဆီမရောင်းပေးတော့တာ ကြာပြီ” လို့ CNG နဲ့ ပြေးဆွဲနေတဲ့ အငှားယာဉ်မောင်းတစ်ဦးကလည်း ဆိုပါတယ်။

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခတွေ မြင့်တက်လာတာကြောင့် ပြည်တွင်း စက်သုံးဆီဈေးတွေဟာလည်း မြင့်တက်လာသလို ဒီအခြေအနေကို ကြည့်ရင် စက်သုံးဆီ ပြတ်တောက်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ပုံစာ – စက်သုံးဆီ အရောင်းပိတ်ထားသည့် သာကေတမြို့နယ်အတွင်းရှိ ဆီဆိုင်တစ်ဆိုင်အား တွေ့ရစဉ်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး