ရေးသူ – ကောက်ရိုး
၁၉၆၀ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ခေါင်းဆောင် နီကီတာ ခရူးရှက်က ကုလသမဂ္ဂအစည်းအဝေးထဲ ခုံကိုဖိနပ်နဲ့ ဒေါသတကြီးရိုက်ပြီး ခွန်းတုံ့ပြန်ခဲ့ပါတယ်။
အကြောင်းက ဆိုဗီယက်သိမ်းထားတဲ့ အရှေ့ဥရောပဟာ နိုင်ငံရေးနဲ့ အရပ်ဘက်အခွင့်အရေးတွေ ဆုံးရှုံးနေပြီး ဆိုဗီယက်ရဲ့ဝါးမြိုတာကိုခံနေရတယ်လို့ ဖိလစ်ပိုင်ကိုယ်စားလှယ်က ပြောလိုက်လို့ ဖြစ်ပါတယ်။
ဒီလို ဝေဖန်ပြောဆိုတာကို ကန့်ကွက်ဖို့ အရေးကြီးတယ်လို့ နီကီတာ ခရူးရှက်က ထင်ခဲ့တာကြောင့် ဒေါသတကြီး တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါဟာ ၂၀ ရာစုတုန်းက ဖြစ်ပါတယ်။ အဲဒီတုန်းက အာဏာရှင်တွေဟာ အရှက်ရှိခဲ့ကြပါတယ်။ သူတို့ကို ဝေဖန်ရင် ဟုတ်တာမဟုတ်တာအပထား ဝေဖန်မှုတွေကို အလေးထားတဲ့အနေနဲ့ တုံ့ပြန်ကြပါတယ်။
ဒါပေမဲ့ ၂၁ ရာစုမှာတော့ အဲဒီပုံစံဟာ ပြောင်းသွားပါပြီ။ ၂၁ ရာစုရဲ့ အာဏာရှင်တွေဟာ အရှက်မရှိ ကြတော့ပါဘူးတဲ့။ ဒါဟာ အရမ်းဟောင်းတဲ့ အယူအဆမဟုတ်သလို အရမ်းသစ်တဲ့ အယူအဆလည်း မဟုတ်ပါဘူး။ ပူလစ်ဇာဆုရ သတင်းစာဆရာမ အန်းအက်ပဲလ်ဘောင် ရေးပြီး ၂၀၂၄ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ “အာဏာရှင်ကော်ပိုရေးရှင်း” ( Autocracy, Inc.) စာအုပ်မှာလည်း အာဏာရှင်တွေ အရှက်မရှိတော့တဲ့အကြောင်း ထောက်ပြထားပါတယ်။
၂၁ ရာစုရဲ့ အာဏာရှင်တွေ အရှက်မရှိကြတော့တာနဲ့ ကမ္ဘာကြီးရဲ့ဝေဖန်မှုကို ဂရုမစိုက်တော့တဲ့ အချက်တွေထဲမှာ အာဏာရှင်အချင်းချင်း ဖန်တီးပေးထားကြတဲ့ “ပြစ်ဒဏ်ကင်းလွတ်ခွင့်” ဆိုတဲ့ အချက်လည်း ပါဝင်တယ်လို့ အဲဒီဆရာမက ရေးထားပါတယ်။
ဒီမိုကရေစီနိုင်ငံတွေက အာဏာရှင်နိုင်ငံတွေကို ဘယ်လိုပဲ ပိတ်ဆို့ အရေးယူယူ အာဏာရှင် နိုင်ငံအချင်းချင်းက ထောက်ပံ့ပေးထားကြတာကြောင့် အသက်ရှုခွင့်ရပြီး ခေတ်သစ်အာဏာရှင်တွေ တဖြည်းဖြည်း သက်ဆိုးရှည်လာကြတာပါ။
၂၀ ရာစုတုန်းက အာဏာရှင်တွေကတော့ အခုလိုမဟုတ်ပါဘူး။ အချင်းချင်းလည်း ဆော်ကြ နှက်ကြပါတယ်။ ဥပမာ တရုတ်နဲ့ ဗီယက်နမ်၊ ရုရှားနဲ့ တရုတ်၊ ကွန်မြူစ်နစ်နဲ့ ဖက်ဆစ်၊ ကွန်မြူနစ်နဲ့ ကွန်မြူနစ် ချကြနှက်ကြပါတယ်။
ဒါပေမဲ့ ခေတ်သစ်အာဏာရှင်တွေမှာတော့ ဘုံရန်သူရှိနေပါပြီ။ အဲဒါကတော့ “ဒီမိုကရေစီ” ပါပဲ။
လွတ်လပ်တဲ့တွေးခေါ်ယူဆမှုတွေပါပဲ။ ဒါကြောင့် အခုခေတ်အာဏာရှင်တွေဟာ အယူအဆ မတူကြပေမဲ့ အချင်းချင်းထောက်ပံ့ပေးပြီး အသက်ရှည်ရှည်ရပ်တည်နိုင်ရေး ဖေးမနေကြတာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကိုလည်း လူထုက မေးခွန်း ထုတ်ကြပါတယ်။ အရှက်မရှိတော့ဘူးလား၊ အရှက်ဆိုတာ မွေးကတည်းက မပါလာဘူးလားဆိုတဲ့ မေးခွန်းတွေပါ။ အဖြေကတော့ ဟုတ်ပါတယ်။ သူတို့မှာ အရှက်မရှိကြတော့ပါဘူး။
မဲခိုးလို့ အာဏာထိန်းရတာပါဆိုတဲ့ မင်းအောင်လှိုင်ဟာ အခုတော့ သမ္မတအဖြစ် ကျမ်းကျိန်လိုက်ပါပြီ။
အတိုက်အခံတွေကို ဖိနှိပ်၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး ကလိမ်အကျစ်လုပ်ထားတဲ့ ရွေးကောက်ပွဲကနေ ပြည်သူကရွေးချယ်လို့ သမ္မတလုပ်ရတာပါဆိုပြီး မတန်မရာနေရာကို တက်ထိုင် လိုက်ပါပြီ။
ဒီနေရာမှာ မင်းအောင်လှိုင်သမ္မတဖြစ်တာနဲ့ အာဏာရှင်နိုင်ငံတွေအချင်းချင်း ဘယ်လောက်စည်းလုံးလဲ ဆိုတဲ့ အချက်ကို မြင်ရမှာပါ။ သူတို့စီစဉ်တဲ့လွှတ်တော်ကနေ ရေးထားတဲ့ဇာတ်ညွှန်းအတိုင်း သမ္မတနေရာအတွက် မဲပေးရွေးချယ်အပြီး ဘယ်နိုင်ငံတွေက အရင်ဆုံး ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပို့ခဲ့သလဲ ဆိုတာတွေကို ကြည့်ရင် မြင်နိုင်ပါတယ်။
အရင်ဆုံး သက်ဆိုင်ရာနိုင်ငံတွေရဲ့ အာဏာရှင်အစိုးရတွေကနေ သဝဏ်လွှာပို့ခဲ့တဲ့ နိုင်ငံ ၇ နိုင်ငံထဲ ထိုင်းနိုင်ငံနဲ့ ကာဇက်စတန်နိုင်ငံကလွဲလို့ ကျန်တဲ့ ၅ နိုင်ငံက အာဏာရှင်နိုင်ငံတွေပါ။ (ထိုင်းနဲ့ ကာဇက်စတန်ဟာ ဒီမိုကရေစီညွှန်းကိန်း နဲနဲမြင့်နေလို့ အာဏာရှင်နိုင်ငံလို့ မသုံးနှုန်းတာဖြစ်ပါတယ်။) ကျန်တဲ့ ၅ နိုင်ငံရဲ့ ဒီမိုကရေစီညွှန်းကိန်းက ဘယ်လောက်ရှိလဲဆိုတော့ ဒီလိုပါ။
ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီ သုတေသနအဖွဲ့ အစည်းတခုဖြစ်တဲ့ V-Dem ရဲ့ အခုနှစ် မတ်လထဲ ထွက်ခဲ့တဲ့အစီရင်ခံစာအရ ၁၇၉ နိုင်ငံရှိတဲ့အနက် မြန်မာနိုင်ငံဟာ ဒီမိုကရေစီသတ်မှက်ချက် အဆင့်တွေထဲ အဆင့် ၁၇၇ မှာရှိနေပါတယ်။ နောက်ဆုံးက ရေတွက်ရင် တတိယမြောက်ပါ။
မင်းအောင်လှိုင်ကို ဂုဏ်ယူကြောင်း သဝဏ်လွှာပို့ခဲ့တဲ့ နီကာရာဂွါနိုင်ငံကတော့ မြန်မာရဲ့ တစ်ဆင့်ကျော်မှာ အဆင့် ၁၇၅၊ ဘယ်လာရုစ်က ၁၇၂၊ တရုတ်က ၁၇၁၊ ကမ္ဘောဒီးယားက ၁၆၅ နဲ့ ရုရှားက ၁၆၂ ရထားပါတယ်။ ကမ္ဘာ့သံပုရာသီးအဖွဲ့ဝင်နိုင်ငံများ ဆိုတဲ့အချက်က တော်တော်လေး ထင်သာမြင်သာရှိနေပါတယ်။
ဒီနေရာမှာ သတိထားရမှာက သံပုရာသီးအဖွဲ့ဝင်နိုင်ငံတွေဟာ အရှက်မရှိတာကြောင့် ပြည်သူတွေအပေါ် ဖိနှိပ်ရက်စက်ရတဲ့အပေါ် သူတို့အနေနဲ့ ဘာမှမခံစားရဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ V-Dem သုတေသနအဖွဲ့ ကတော့ ကမ္ဘာပေါ်မှာ အာဏာရှင်နိုင်ငံတွေ ပိုပိုများလာပြီလို့ အခုနှစ် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။
အာဏာရှင်နိုင်ငံတွေများလာတာနဲ့အမျှ အရှက်မရှိတဲ့ ကပ်ရောဂါပိုးရဲ့ အန္တရာယ်ကိုလည်း သတိကြီးကြီး ထားရတော့မှာပါ။ ယေဘုယျအနေနဲ့ ကပ်ရောဂါတွေရဲ့ သဘောသဘာဝဟာ ပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံမိရင် ကူးစက်တတ်ပါတယ်။ ဒါကြောင့် အရှက်မရှိတဲ့ ကပ်ရောဂါဟာ အမြန်နှုန်းတစ်ခုနဲ့ အချင်းချင်းထိတွေဆက်ဆံနေကြတဲ့ အာဏာရှင်ပေါက်စနိုင်ငံတွေကိုပါ ကူးစက်တော့မှာပါ။
ကမ္ဘာပေါ်မှာ အာဏာရှင်နိုင်ငံတွေအားကောင်းလာတာနဲ့အမျှ ကပ်ရောဂါရဲ့ အန္တရာယ်ကို ခါးစည်း ခံရမှာကတော့ ကမ္ဘာသားတွေပါပဲ။ ဒီကပ်ဘေးကို ကျော်လွှားနိုင်ဖို့အတွက်ကတော့ ကမ္ဘာသားတွေ အားလုံး ဒီမိုကရေစီ ကိုယ်ခံအားကောင်းရမှာဖြစ်သလို တိုက်ဖျက်ရေး နည်းလမ်းတွေကိုလည်း အချင်းချင်းပြန်မျှဝေပြီး လက်တွေ့ကျင်သုံးမှပဲ အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်။
ကပ်ရောဂါကင်းတဲ့ ကမ္ဘာကြီးသစ်ကြီးဆီ ချီတက်လိုက်ရအောင်ပါ။


